ဖိလစ်ပိုင်တွင် IS တို့ကို နှိမ်နင်းနိုင်ခဲ့မှု၌ အမေရိကန်၏ အခန်းကဏ္ဍက အလွန်အရေးပါခဲ့

အောက်တိုဘာ ၂၅ ရက်က မာရာဝီရှိ စစ်စခန်းတစ်ခုသို့ ပြန်ရောက်လာသည့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ (Photo: AFP)

ဖိလစ်ပိုင်တောင်ပိုင်းတွင် မာရာဝီမြို့ကို ငါးလကြာ သိမ်းပိုက်ခဲ့သော IS ထောက်ခံသူ များအား နှိမ်နင်းနိုင်ခဲ့မှု တွင် အမေရိကန်က အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း မနီလာရှိ အမေရိကန် သံအမတ်ကြီးက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်၏ ထောက်လှမ်းရေးစွမ်းရည်၊ မြို့ပြစစ်ပွဲစွမ်းရည်၊ မောင်းသူမဲ့လေယာဉ် တို့က အောက်တိုဘာ ၂၃ ရက်တွင် ပြီးဆုံးခဲ့သော မာရာဝီတိုက်ပွဲများတွင် အရေးပါခဲ့ကြောင်း သံအမတ်ကြီး ဆွန်ကင်က ပြောကြားခဲ့သည်။

အမေရိကန်သည် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များအား အရေးကြီးသော ထောက်လှမ်းရေး သတင်းအချက်အလက်များ ပံ့ပိုးပေးခဲ့ပြီး P-3 ကင်းထောက်လေယာဉ်များ၊ Grey Eagles မောင်းသူမဲ့လေယာဉ်များကို ကူညီပေးခဲ့သည်။

မာရာဝီတိုက်ပွဲများကြောင့် မြို့ကို စွန့် ခွာခဲ့ရသော ဒေသခံများအား ကူညီရန် ဒေါ်လာ ၁၄ ဒသမ ၇ သန်း ပေးမည်ဟု အမေရိကန်က ကတိပြုထားပြီး ဖိလစ်ပိုင်စစ်တပ်ကို လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ရော်ဘာလှေများလည်း ပေးခဲ့သည်။  မွတ်စလင်အစွန်းအရောက်များကို တိုက်ပွဲဝင်နေသော ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးရန်နှင့် အကြံပေးရန်အတွက် အမေရိကန်သည် ဖိလစ်ပိုင် တောင်ပိုင်းတွင် တပ်ဖွဲ့ဝင် ၁၀၀ မှ ၂၀၀ အထိ တပ်ဖြန့်ထားကြောင်း ဆွန်ကင်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ဖြင့် စည်းနှောင် ထားသည့် ကာလရှည် မဟာမိတ်များဖြစ်ကြသည်။ သို့သော်လည်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အမေရိကန်နှင့် မဟာမိတ်ဖြစ်မှုကို လျှော့ချပြီး တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေးပိုမိုနီးကပ်ရန် ကြိုးပမ်းနေ သည်။

(Eleven)