ရပ်ကွက်တစ်ခုတွင် ခြောက်လနှင့်အထက် နေထိုင်သူများ အိမ်ထောင်စုစာရင်း ရမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်တစ်ခုတည်းတွင် ခြောက်လနှင့်အထက် နေထိုင်သူများကို အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ အိမ်ငှားအဖြစ် ရွှေ့ပြောင်းနေထိုင်သူများကို အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်း ရှိပြီးသူများအနေနှင့် နောက်ထပ်တစ်ခါ ထပ်မံထုတ်ကြောင်း စစ်ဆေး တွေ့ရှိပါက တရားဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သန်းခေါင်စာရင်း လုံးဝမရှိတဲ့လူကို ထုတ်ပေးတာပါ။ ဥပမာအားဖြင့် နာဂစ်တိုက်လို့ အိုးအိမ်တွေ ပျက်စီးပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေလည်း မရှိတော့ ရန်ကုန်ကို ရောက်နေတယ်ဆိုရင် အရင်နေရာဒေသဟောင်းက စာရင်းဟောင်းကို ဖျက်ပြီး စာရင်းအသစ်နဲ့ အိမ်ထောင်စုစာရင်း အသစ်ထုတ်ပေးပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးရာတွင် ဇွန်လအတွင်းမှစ၍ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်နေသူများကို အဓိကထား ဆောင်ရွက်ပေးနေပြီး ကျန်မြို့နယ်များတွင်လည်း စတင်ဆောင်ရွက် ပေးနေကြောင်း ၎င်းက ဆက်လက်ဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးရာတွင် သာမန်ရွှေ့ပြောင်း နေထိုင်သူများ အဖြစ် အလုပ်လုပ်ကိုင်ကြသူများ၊ ပညာသင်ကြားနေသူများကို အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

ရွှေ့ပြောင်းနေထိုင်သည့် လူဦးရေများတွင် အိမ်ထောင်စုစာရင်း ပါမလာခြင်း၊ မရှိခြင်းများကို သက်ဆိုင်ရာ နေရာ ဒေသနှင့် ဆက်သွယ်ကာ စစ်ဆေးပြီး အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။

The Voice Weekly


Leave a Reply