ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရင့်နောင်၊ ရွှေပြည်သာ၊ မဟာဗန္ဓုလ၊ တွံတေးတံတား အပါအ၀င် တံတားကိုးစင်းအား အခမဲ့ ဖြတ်သန်းခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရင့်နောင်၊ ရွှေပြည်သာ၊ မဟာဗန္ဓုလ၊ တွံတေး တံတားအပါအ၀င် တံတားကိုးစင်းအား ဧပြီ  ၁ ရက်မှစတင်၍ အခမဲ့ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ မတ် ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့ပြနှင့် တစ်ဆက်တည်း ရှိနေသော တံတားများကို အများပြည်သူ လွယ်ကူအဆင်ပြေစွာ သွားလာနိုင်ရန်၊ အချိန်ကုန် သက်သာ ရန်နှင့် သယ်ယူ ပို့ဆောင်ခများ ကျဆင်းစေရန် ဧပြီ ၁ ရက်မှစတင်၍ တံတားဖြတ်သန်းခများ ကောက်ခံခြင်းမပြုတော့ဘဲ မော်တော်ယာဉ်များ အားလုံးကို အခမဲ့ဖြတ်သန်းခွင့် ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၁ ရက်မှ စတင်၍ အခမဲ့ဖြတ်သန်းခွင့်ပြုမည့် တံတားများမှာ ရန်ကုန်-သန်လျင် တံတားအမှတ် ၁၊ ရန်ကုန်-သန်လျင်တံတားအမှတ် ၂ (ကုလားဝဲတံတား)၊ ဘုရင့်နောင် တံတား အမှတ် ၁ နှင့် အမှတ် ၂၊ အောင်ဇေယျကြိုးတံတား၊ ရွှေပြည်သာတံတား၊ ပန်းလှိုင် တံတား၊ တွံတေးတံတားနှင့် မဟာဗန္ဓုလတံတား တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ အခမဲ့ဖြတ်သန်းခွင့်ပြုမည်ဖြစ်သော်လည်း တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အန္တရာယ် ကင်းရန်အတွက် တံတားများပေါ်တွင် သတ်မှတ်ခွင့်ပြုယာဉ်နှင့် အလေးချိန်အတိုင်းသာ ဖြတ်သန်း သွားလာ ခွင့်ပြုမည်ဖြစ်၍ ပြည်သူများမှ ပူးပေါင်းပါဝင်ပေးရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တံတားကိုးစင်းအား အခမဲ့ ဖြတ်သန်းခွင့်ပြုမည် ဖြစ်သော်လည်း ရန်ကုန်-သန်လျင် တံတားအမှတ် ၁ မှာ အစွန်းထွက် ယက်မပေါ်တွင် ကားလမ်းများ တည်ဆောက်ထားသဖြင့် ၎င်းတံတားပေါ်တွင် ကုန်တင်ယာဉ် များ ဖြတ်သန်းခွင့်ပြုမည် မဟုတ်ဘဲ ခရီးသည်တင်ယာဉ်၊ မှန်လုံယာဉ်များနှင့် ယာဉ်ငယ်များသာ ဖြတ်သန်း ခွင့်ပြုမည် ဖြစ်သည်။ ကုန်တင်ယာဉ်များအနေဖြင့် ရန်ကုန်-သန်လျင်တံတား အမှတ် ၂ ပေါ်မှသာ အခမဲ့ ဖြတ်သန်းခွင့်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

# Eleven