CDMA ဆင်းမ်ကတ်များအစား နံပါတ်တူ GSM ဆင်းမ်ကတ်များ ထုတ်ပေးမည်

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ CDMA 400 နှင့် 800 MHz ဆင်းမ်ကတ်သုံးစွဲသူများကို ယင်းဆင်းမ်ကတ်များနှင့် နံပါတ်တူ GSM ဆင်းမ်ကတ်များ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

လက်ရှိအချိန်တွင် CDMA ဖုန်း လိုင်းအသုံးပြုသူသည် အနည်းငယ်သာရှိတော့ခြင်း၊ CDMA ဖုန်းလိုင်းတွင် နည်းပညာ အားနည်းချက်များရှိပြီး GSM ဖုန်းလိုင်းကဲ့သို့ လုပ်ငန်းပိုင်း လုပ်ဆောင် ချက်များ အပြည့်အဝ မလုပ်ဆောင်နိုင်တော့ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒါက CDMA သုံးစွဲသူတွေကို အတွက် MPT ကပေးတဲ့ ဝန်ဆောင်မှုအကုန်လုံးကို သုံးနိုင်အောင်လို့ပါ။ နံပါတ်ကတော့ အနည်းဆုံးတော့ နောက်ဆုံး သုံးလုံးလောက်တူမှာပါ”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဆင်းမ်ကတ်များ ထုတ်ပေးခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မတ်လ ၂၀ ရက်နေ့က စတင်လုပ်ဆောင်ပေးလျက်ရှိပြီး CDMA ဖုန်းများကို ပြန်လည် သိမ်းဆည်းကာ လဲလှယ်ပေးခြင်း မဟုတ်ဘဲ GSM ဆင်းမ်ကတ်အသစ်ကို ထပ်မံ ထုတ်ပေးခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန္တလေး မန်နေဂျာရုံးမှ မန်နေဂျာ ဦးဌေးလှက ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီးတွင် CDMA ဆင်းမ်ကတ် အသုံးပြုသူ တစ်သိန်းခန့်ရှိပြီး စတင် ထုတ်ပေးသည့် ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဆင်းမ်ကတ် လာရောက် ထုတ်ယူသူ ၄၀ဝ ခန့်အထိရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မန္တလေးတိုင်းဒေသကြီး မန်နေဂျာရုံး၏ စာရင်းများအရ သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ် အသုံးပြုသူပေါင်း ၂၃ သန်းရှိပြီး ပြည်တွင်း မိုဘိုင်းလ် ဖုန်းဈေးကွက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။

The Voice