MNL ချန်ပီယံဆု ရန်ကုန်အသင်း ငါးကြိမ်မြောက်ဆွတ်ခူး

စက်တင်ဘာ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2018 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်က ဆောက်သမ်းမြန်မာကို ၄-၀ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူပြီး ၅ ကြိမ်မြောက်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက်နဲ့ ပြိုင်ဘက် ရှမ်းယူနိုက်တက် အသင်းတို့ ချန်ပီယံဖြစ်ဖို့ အပြိုင်အဆိုင်ဖြစ်နေပြီး  ရန်ကုန်က ၁ မှတ်အသာနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားတာပါ။

မနေ့ကနောက်ဆုံးပွဲစဉ်မှာ ရန်ကုန်ရော ရှမ်းအသင်းပါ ပြိုင်ဘက်တွေကို အနိုင်ရခဲ့လို့ ၁ မှတ်အသာနဲ့ပဲ ရန်ကုန်ယူနိုက်တက်က  ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာပါ။

ပြိုင်ပွဲအပြီးမှာ ရန်ကုန်အသင်းက ၂၂ ပွဲကစား၊ ၁၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှူံးကာ ရမှတ် ၅၁ မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး ရှမ်းက ရမှတ် ၅၀ နဲ့ ဒုတိယ၊  ဇွဲကပင်က ၃၇ မှတ်နဲ့ တတိယ၊ ဟံသာဝတီက ၃၆ မှတ်နဲ့ စတုတ္ထ၊ ရတနာပုံက ၃၄ မှတ်နဲ့ ပဉ္စမရခဲ့ပါတယ်။ အောက်ဆုံးမှာ ရပ်တည်ခဲ့တဲ့ မြဝတီနဲ့ GFA အသင်းတို့ကတော့ တန်းဆင်းခဲ့ရပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ငါးကြိမ်မြောက်နဲ့ အကြိမ်အများဆုံး ရရှိတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ကတည်းက စတင်ကျင်းပလာခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ချန်ပီယံဆုကို ရန်ကုန်ယူနိုက်တက် အသင်းက ငါးကြိမ်၊ ရတနာပုံ အသင်းက လေးကြိမ်နဲ့ ရှမ်းယူနိုက်တက်အသင်းက တစ်ကြိမ် ရရှိထားပါတယ်။