စတီဖင်ကို အနိုင်ယူပြီး ဆီရီနာဝီလျံ နောက်တစ်ဆင့်တက်ခဲ့

အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံဟာ ယူအက်စ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ (၁၆)ဦး အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ တတိယအဆင့်ပွဲအဖြစ် ဆီရီနာဝီလျံနဲ့ တစ်နိုင်ငံတည်းသူ စလုန်း စတီဖင်တို့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။  ဆီဒင်အဆင့်(၃)ရထားတဲ့ ဆီရီနာဝီလျံဟာ ပထမပွဲလတ်မှာ ရှုံးနိမ့်ခဲ့ တာကြောင့် ဖိအားများခဲ့ပေမယ့် ဒုတိယပွဲလတ်နဲ့ တတိယပွဲလတ်မှာ လက်စွမ်းကောင်းပြန်ရခဲ့လို့ နောက်တစ်ဆင့် တက်ခွင့် ရသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပွဲက (၁)နာရီနဲ့ (၄၄)မိနစ် ကြာမြင့်ခဲ့ပြီးနောက် ဆီရီနာဝီလျံက (၂း၆၊၆း၂၊၆း၂)နဲ့ အနိုင်ရခဲ့ပါတယ်။ အခုပွဲစဉ်ကို ဆီရီနာဝီလျံရဲ့ (၃)နှစ်အရွယ် သမီးလေးဖြစ်တဲ့ အိုလင်ပီယာလည်း လာရောက် အားပေးခဲ့တာတွေ့ရပါတယ်။ (၁၆)ဦးအဆင့်မှာ ဆီရီနာဝီလျံနဲ့ ဆီဒင်အဆင့် (၁၅)ရထားတဲ့ ဂရိ တင်းနစ်မယ် ဆက်ကာရီတို့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ ဆက်ကာရီကတော့ ပြီးခဲ့တဲ့တစ်ပတ်က စင်စင်နာတီ မာစတာပြိုင်ပွဲမှာ ဆီရီနာဝီလျံကို အနိုင်ယူထားခဲ့သူ ဖြစ်ပါတယ်။ one news