မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်သစ်တင်ပွဲနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပွဲကျင်းပ

 

မလှိုင်၊ စက်တင်ဘာ ၎

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးဆိုင်းဘုတ်အသစ်တင်ပွဲ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့များ၊ အမာခံကေဒါများ၊ လူငယ်များ လစဉ်ပုံမှန် တွေ့ဆုံပွဲအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ရာ စုစုပေါင်းအင်အား ၁၃ဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ်ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များက အမွှေးနံ့သာရည်များပက်ဖျန်း ပေးပြီး မင်္ဂလာအချိန် နံနက် ၉ နာရီ ၉ မိနစ်တွင် မြို့နယ်ပါတီရုံးရှေ့၌ ဆိုင်းဘုတ်အသစ်ကို ပါတီဝင်များ စုပေါင်းစိုက်ထူပေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့များ၊လူငယ်များတွေ့ဆုံ၍ လစဉ်ပြုလုပ်နေကျ ပုံမှန်အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုးသိန်းက ၂ဝ၂ဝပြည့် ရွေးကောက်ပွဲ အောင်နိုင်ရေးယုံကြည်ချက်၊ ခံယူချက် ခိုင်ခိုင်မာမာဖြင့် စည်းစည်း လုံးလုံးဆောင်ရွက်ကြရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် လူငယ်များပူးပေါင်းပါဝင်ကူညီဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပါတီကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး ရပ်ကျေးပါတီဝင်များ၏ ပြန်လည်ဆွေးနွေးမှုများအပေါ် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

သစ်သစ်