ဝါရှင်တန်ဒီစီမှာ လူဖြူလူမျိုးကြီးဝါဒီ ဆန္ဒပြပွဲနှင့် တန်ပြန် ဆန္ဒပြပွဲများ ပေါ်ပေါက်

သြဂုတ် ၁၃

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အပြင်ဘက် အနီးဝန်းကျင်မှာ  သြဂုတ် ၁၂ ရက်က အရေအတွက် အနည်းအကျဉ်းမျှ ရှိတဲ့ လူဖြူလူမျိုးကြီးဝါဒီ ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပဲ ယင်းထက် အင်အား များပြားတဲ့ တန်ပြန် ဆန္ဒပြပွဲလည်း ပေါ်ပေါက်ခဲ့လို့ ရဲတွေက ယင်း အုပ်စုနှစ်စုကို ထိပ်တိုက်မတွေ့အောင် ထိန်းချုပ်ခဲ့ရပါတယ်။

ယမန်နှစ်  ဗာဂျီးနီးယားပြည်နယ် Charlottesville က ဆန္ဒပြပွဲတုန်းကလိုမျိုး လူသေဆုံးမှုမျိုးတွေ ယခုတစ်ကြိမ်မှာ ထပ်ဖြစ်မလာစေဖို့အတွက် ၀ါရှင်တန်ရဲတွေကတော့ လမ်းတွေကို ပိတ်ဆို့ထားခဲ့ရပြီး အများပြည်သူပိုင် ပန်းခြံတွေအနားမှာလည်း စတီးကွင်းတွေ ချထားခဲ့ရပါတယ်။

အင်အား ၂၀ မျှသာ ရှိတဲ့ လူဖြူလူမျိုးကြီးဝါဒီ ဆန္ဒပြအုပ်စုတစ်စုဟာ ၀ါရှင်တန်ရှိ Foggy Bottom မြေအောက် ဘူတာရုံကို ရောက်လာခဲ့ချိန် တစ်ဘက်မှာလည်း အင်အား ၃၀၀ ခန့်ရှိ တန်ပြန် ဆန္ဒပြသူတွေဟာ ကြို စောင့်နေကြပြီး အော်ဟစ် ဆန္ဒြုပနေခဲ့ကြပါတယ်။

 ယင်းနောက် အိမ်ဖြူတော် အရှေ့ဘက် Lafayette ရင်ပြင်အထိ ချီတက်အပြီးမှာတော့ လူဖြူလူမျိုးကြီး ၀ါဒီတွေကို ရဲကားတွေနဲ့ ဘူတာရုံ အသီးသီး လူစုခွဲ ပို့ဆောင်ပေးခဲ့ရပါတယ်။

အလားတူ ယင်းအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့်လည်း တစ်ဘက်က တန်ပြန် ဆန္ဒပြအုပ်စုကို အလျင်အမြန်လူစုကွဲသွားစေခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲတွေအတွင်း အိမ်ဖြူတော် ခပ်လှမ်းလှမ်းနားမှာ အနက်ရောင်ဝတ် ဖက်ဆစ် ဆန့်ကျင်သူ အုပ်စုတစ်စုက ရဲတွေကို ရန်ပြုခဲ့တာကြောင့် ငရုတ်ကောင်းရည် သုံးပြီး ထိန်းချုပ်ခဲ့ရတာကလွဲလို့ ယင်းနေ့ ဆန္ဒပြမှုတွေကတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိဘဲ ပြီးဆုံးသွားခဲ့ပုံ ပေါ်ခဲ့တယ်လို့ သိရပါတယ်။

-Ref; AFP