မန်စီးတီးဂိုးသမား ဂျိုးဟတ် ဘန်လေအသင်းသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

လန်ဒန်- မန်စီးတီး၌ ပွဲထွက်နေရာဆုံးရှုံးပြီးနောက် အင်္ဂလန်ဂိုးသမား ဂျိုးဟတ်သည် ပရီးမီးယားလိဂ်ကလပ် ဘန်လေနှင့် ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့သည်။

ဂျိုးဟတ်၏ ပြောင်းရွှေ့ကြေးပမာဏကို ဘန်လေအသင်းက မဖော်ပြသော်လည်း ပေါင် ၃ ဒသမ ၅ သန်းခန့် အကုန်အကျခံ ရဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြသည်။

ဘန်လေတွင် အင်္ဂလန်ဂိုးသမားနှစ်ဦးဖြစ်သော နစ်ခ်ပုပ်နှင့် တွမ်ဟေတွန်တို့ ရှိနေသော်လည်း ၎င်းတို့သည် လောလောဆယ်၌ ဒဏ်ရာများကြောင့် အနားယူနေ ရသည်။

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ပွဲထွက် မကစားရသော နစ်ခ်ပုပ်သည် အဘာဒင်းနှင့် ကစားခဲ့သော ယူရို ပါလိဂ်ပွဲစဉ်၌ ပခုံးအဆစ်လွဲဒဏ် ရာရခဲ့ပြီး လများစွာကြာ အနားယူရမည့်အရေး ရင်ဆိုင်နေရသည်။

အလားတူ ဒဏ်ရာကြောင့် ပြီးခဲ့သည့်ရာသီက ပွဲစဉ်အများစု လွဲချော်ခဲ့သူ ဟေတွန်သည်လည်း ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ကစားရာ၌ ခြေသလုံးဒဏ်ရာ ထပ်မံရရှိခဲ့သဖြင့် အနားယူနေရသည်။

ငယ်ဘဝကလပ် ရှရူးဘယ်ရီ တောင်းမှ ၂၀၀၆ က မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့သူ ဂျိုးဟတ် (၃၁) နှစ်သည် ၂၀၁၂ နှင့် ၂၀၁၄ က မန်စီးတီးအသင်း ပရီးမီးယားလိဂ် ဖလားရရှိရာ၌ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့သော်လည်း ၂၀၁၆ က မန်စီးတီးသို့ နည်းပြ ဂွာဒီယို လာရောက်ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးကာ တိုရီနို နှင့် ဝက်စ်ဟမ်းသို့ အငှားဖြင့် ထွက်ကစားခဲ့ရသည်။

အင်္ဂလန်အတွက် ၇၅ ပွဲ ကစားထားသူ ဂျိုးဟတ်သည် ယခုအပြောင်းအရွှေ့ဈေးကွက်၌ ဘန်လေက ခေါ်ယူသော ဒုတိယမြောက် ကစားသမားဖြစ်သည်။ ဘန်လေသည် ယင်းမတိုင်မီက မစ်ဒယ်ဘရော့ ဗဟိုနောက်ခံလူ ဂစ်ဘ်ဆင်ကို ခေါ်ယူထားသည်။

ဘန်လေသည် ဩဂုတ် ၁၂ ရက်တွင် ဆောက်သမ်တန်ကွင်း သို့ သွားရောက်ယှဉ်ပြိုင်ကာ ပရီးမီးယားလိဂ်ရာသီ စတင်ဖွင့်လှစ်မည်ဖြစ်သည်။

 —Ref: Reuters/skysports