ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပေါ့ဂ်ဘာ သဘောတူခဲ့တယ်လို့ သတင်းများ ထွက်ပေါ်

ယူနိုက်တက်ကတော့ ပေါ့ဂ်ဘာကို ရောင်းချလိုခြင်းမရှိပဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ သြဂုတ်လ (၉)ရက်နေ့မှာ ပိတ်သိမ်းမှာ ဖြစ်ပေမယ့် စပိန်လာလီဂါအပြောင်းအရွှေ့ ဈေးကွက်ကတော့ သြဂုတ်လ (၃၁)ရက်နေ့မှသာ ပိတ်သိမ်းမှာ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာကို သြဂုတ်လအကုန်ထိ ထိန်းသိမ်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပေါ့ဂ်ဘာတွက် ပေါင် ၉.၆၂သန်းကို တစ်နှစ်လုပ်ခ ပေးချေသွားမှာ ဖြစ်ပြီး အပိုဆုကြေးအဖြစ် ပေါင် ၃.၇၈သန်းအထိ ပေးချေနေရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ပေါ့ဂ်ဘာ နဲ့ ဘာစီလိုနာတို့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပြီး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်၈၉.၅သန်း နဲ့ (၅)နှစ် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာအသင်းက ပေါ့ဂ်ဘာကို တစ်ပတ်ပေါင် (၃၄၆၀၀၀)အထိ ပေးချေသွားမှာဖြစ်ပြီး တစ်နှစ်လုပ်အားခ ပေါင် (၁၈)သန်းအထိ ပေါ့ဂ်ဘာက ရရှိမှာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာကို နူးကမ့်ကို ပို့ဆောင်ပေးဖို့ ရွိုင်အိုလာက အပြင်းအထန် အားထုတ်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပေါ့ဂ်ဘာဟာ အားလပ်ရက်တွေ ကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်းတွေကြောင့် အသင်းအတွက် ထိုက်သင့်တဲ့ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တဲ့ ပေါ့ဂ်ဘာဟာ နည်းပြဖြစ်သူနဲ့ အနည်းငယ် အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဘာစီလိုနာက ပေါ့ဂ်ဘာကို ကြိုးစားလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဘာစီလိုနာအသင်းဟာ ပေါ့ဂ်ဘာအတွက် နောက်ခံလူမီနာနဲ့ ကွင်းလယ်လူ အန်ဒရီဂိုမက်စ်တို့အပြင် ငွေသား ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်က ငြင်းဆန်မှု ပြုလုပ်ခဲ့ပါတယ်။

Source: Duwun