ပါကစ္စတန် ရွေးကောက်ပွဲ စည်းရုံးရေး နေရာ၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိ

ပါကစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရွေးကောက်ပွဲ စည်းရုံးရေး နေရာတစ်ခု၌ ဖြစ်ပွားသော အသေခံဗုံးခွဲ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၂၈ ဦးအထိရှိပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဒေသခံများက ဇူလိုင် ၁၄ ရက်တွင် မြေမြှုပ်သင်္ဂြိုဟ်မှု ပြုလုပ်သည်။ ယင်းတိုက်ခိုက်မှုသည် ကတ်တာပြည်နယ် ဘာလိုချီစတန်မြို့တော် အနီးရှိ မက်စတန့်မြို့၌ ဇူလိုင် ၁၃ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ကာ ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရွေးကောက်ပွဲ စည်းရုံးရေး နေရာများကို ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုများ အနက် နောက်ဆုံးတိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း လူ ၁၅၀ ခန့် ဒဏ်ရာရပြီး ၎င်းတို့အနက်အများစုမှာ ဦးခေါင်းတွင်ရရှိသည့် ဒဏ်ရာများကြောင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

သေဆုံးသူများတွင် ဘာလိုချီစတန် အေဝါမီပါတီ(BAP)မှ ကိုယ်စားလှယ်လောင်း တစ်ဦးလည်းပါဝင်ပြီး ယင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၂၅ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား နိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေသည်။ ၎င်းတို့အနေဖြင့် ဆေးရုံများ၌ အရေးပေါ် အခြေအနေ သတ်မှတ်ထားပြီး ဆရာဝန်များနှင့် သူနာပြုများ၏ အားလပ်ရက်ကို ဖျက်သိမ်းထားကြောင်း ဘာလိုချီစတန် ပြည်နယ် ပြည်ထဲရေးဝန်ကြီး အာဂါအူမာဘန်ဂယ်ဇိုင်က ပြောသည်။

အခြားသတိထားရမည့် ဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ဖြန့်ကြက်ထားပြီး နိုင်ငံရေးသမားများ အနေဖြင့် သတိဝီရိယထားရန် သတိပေးထားကြောင်း ပြည်နယ်ပြည်ထဲရေး ဝန်ကြီးဌာန အတွင်းရေးမှူး ဟိုင်ဒါရှာကိုက ပြောသည်။ BAP ပါတီသည် အဆိုပါ တိုက်ခိုက်မှုကြောင့် မဲဆွယ်စည်းရုံးရေးနှင့် ဆက်စပ်သော အခမ်းအနားများ ကို ဇူလိုင် ၁၄ ရက်တွင် ဆိုင်းငံ့ထားပြီး သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲမှုကို သုံးရက်ကြာ ပြုလုပ်ရန် ထောက်ခံသူများကို တောင်းဆိုထားကြောင်း သိရသည်။

MWD