မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် လူ့အသိုင်းအဝိုင်းကြား သဟဇာတဖြစ်ရေး ဆက်လက်ကူညီမည်ဟု ကမ္ဘာ့ဘဏ်အတည်ပြု

 

မြန်မာနိုင်ငံတွင်ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းတည်ဆောက်ရေးစီမံကိန်းကိုအကောင်အထည် ဖော်ပြင်ဆင်ရန် ကမ္ဘာ့ဘဏ်ကကန်ဒေါ်လာ သန်း ၂၅၀ အထိ ကူညီမည်ဟု ယမန်နေ့တွင် သတင်း ထုတ်ပြန် သည်။ အဆိုပါ စီမံကိန်းအတွက် အဓိကကျသည့် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြေခံကျသည့် လူမှုဝန်ဆောင်မှုများနှင့် ရုပ်ပိုင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် ရပ်ရွာအသိုင်းအဝိုင်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်မည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။

‘‘ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီရာမှာ မိတ်ဖက်အဖွဲ့အစည်းတစ်ခု အဖြစ် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်’’ဟု ကမ္ဘာ့ဘဏ်အရှေ့ အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာက ကတိပြုသည်။ ဇူလိုင် ၈ ရက်က စတင်ခဲ့သော ကမ္ဘာ့ဘဏ်အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာ၏ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ယင်း ကဲ့သို့ ကြေညာခြင်းဖြစ်သည်။

တတိယအကြိမ် ပင်လုံညီလာခံကျင်းပရန် ရက်ပိုင်းအလိုတွင် မြန်မာနိုင်ငံ အနှံ့အပြား ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး၏ အရေးပါမှုကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ထို့အပြင် ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်ပွားမှု၏ အကျိုးဆက်ကို ခံစားနေရသော ဒေသများတွင် စီးပွားရေး အခွင့်အလမ်းကောင်းများ ဖော်ဆောင်နိုင်ရန်နှင့် လူမှုအသိုင်းအဝိုင်းအကြား သဟဇာတဖြစ်နိုင်ရန် ဆက်လက်ကူညီမည်ဟု ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌက ပြောသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဟုလည်း၎င်းကဆိုသည်။ ရခိုင်ပြည်နယ် လူမှုအသိုင်း အဝိုင်းများ အားလုံးအတွက် အလုပ်အကိုင် ရရှိရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးနှင့် အခြေခံကျသော လူမှုဝန်ဆောင်မှုများ  ရရှိနိုင်ရေး အလေးထားဆောင်ရွက်မည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသူများ ၎င်းတို့ သဘောဆန္ဒအလျောက်   ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်နိုင်မည့် အခြေအနေများ ဖန်တီးနိုင်ရေး ကုလသမဂ္ဂအပါအဝင် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကမ္ဘာ့ဘဏ်အနေဖြင့် အကူအညီများပေးရန် ကမ်းလှမ်းခဲ့သည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံတွင် အရေးပါသည့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ယနေ့အချိန်အထိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီးတွင် ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ နှင့် ညီမျှသော ဖွံ့ဖြိုးရေးအကူ အညီများ ပေးအပ်ထားသည်။ အခြေခံ ကျန်းမာရေးဝန် ဆောင်မှုများ မြှင့်တင်နိုင်ရေး၊ ပညာရေး၊ လျှပ်စစ်ဓာတ် အားတိုးတက်ရရှိရေး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအသီးသီးကို ပံ့ပိုး ကူညီနေသည်။