မလေးရှား ဝန်ကြီးချုပ်ဟောင်းထံက ဒေါ်လာ ၂၇၃ သန်းကျော်ဖိုး သိမ်းဆည်းရရှိ

မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak နာဂျစ် ရာဇတ်ထံကနေ ငွေမည်းခဝါချမှုနဲ့ ပတ်သက်ပြီး သိမ်းဆည်းရမိတဲ့ ရွှေ၊ ငွေ ကျောက်မျက်ရတနာ၊ အဖိုးတန် နာရီနဲ့ လက်ပွေ့အိပ် ရာပေါင်းများစွာရဲ့ စုစုပေါင်း တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၂၇၃ သန်းကျော်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ မနေ့က ထုတ်ပြန် ပြောကြားပါတယ်။

အဲဒီ သိမ်းဆည်းမိတဲ့ ပစ္စည်းတွေထဲမှာ ကျောက်မျက်ရတနာ ၁၂ဝဝဝ၊ လက်ပွေ့အိပ် ၅၆၇ လုံး၊ နာရီ ၄၂၃ လုံး နဲ့ နေကာမျက်မှန် အလက် ၂ဝဝ ကျော်ပါဝင်ပါတယ်။ အခုလို တွေ့ရှိတဲ့အတွက် တုန်လှုပ်အံ့သြရကြောင်းနဲ့ ဒါဟာ မလေးရှားနိုင်ငံရဲ့ သမိုင်းမှာ အကြီးမားဆုံး သိမ်းဆည်း ရရှိတာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ အကြီးအကဲ အမာဆင်းက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ တရားဝင်လစာက ဒေါ်လာ ၅၆၇ဝ ပဲရှိပါတယ်။

နာဂျစ်ဟာ မလေးရှားဖွံ့ဖြိုးရေးအတွက် အကြောင်းပြပြီး 1MDB ကုမ္ပဏီကို ၂ဝဝ၉ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ သူ့အပေါင်းပါတွေဟာ အဲဒီ ရန်ပုံငွေအဖွဲ့ကနေ ကန် ဒေါ်လာ သန်းပေါင်း ၄၅ဝဝ ခန့်ကို အလွဲသုံးစားပြု ခိုးယူပြီး နာဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းကို ပြောင်းလဲထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အလွဲသုံးစားပြုပြီး ရရှိတဲ့ငွေထဲကနေ သူ့ဇနီး Rosmah Mansor ရို့စ်မား မန်ဆာ အတွက် ဝယ်ယူခဲ့တဲ့ ရှားပါး စိန်ဘယက် တခုတည်းရဲ့ တန်ဖိုးက ကန် ဒေါ်လာ ၂၇ သန်းကျော်တယ်လို့ အမေရိကန် ထောက်လှမ်းရေးတွေက ပြောပါတယ်။ သိမ်းဆည်းမိတဲ့ တခြားဘယက် တခုက ဒေါ်လာ ၁ သန်းခွဲနဲ့ ရိုးလက်စ် နာရီတလုံးကတော့ ဒေါ်လာ ရှစ်သောင်းခုနှစ်ထောင်နီးပါး တန်ဖိုးရှိပါသတဲ့။

-Ref; RFA