ထိုင်းတောင်ပိုင်းတွင် တိုက်ခိုက်မှု အနည်းဆုံး ၁၇ ခုဖြစ်ပွား

နှစ်ပေါင်း ၂၀ကျော် မတည်ငြိမ်ဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း အစ္စလာမ်ခွဲထွက်ရေး သူပုန်တွေလှုပ်ရှားရာဒေသ မှာ အင်္ဂါနေ့က ရှို့မီးမှုဖြစ်စဉ်တွေအပြင် ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ပတ္တနီ ၊ နာရတ်သီဝတ်နဲ့ ယာလာပြည်နယ်တွေက စတိုင်းဆိုင်တွေနဲ့ ဂက်စ်ဆိုင်တွေမှာ တိုက်ခိုက်မှု အနည်းဆုံး ၁၇ ခုဖြစ်ပွားခဲ့တယ်လို့  ထိုင်းစစ်ဘက်ပြောခွင့်ရသူ ပရာမုတ်ပရိုမင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၃ယောက်ဒဏ်ရာရပြီး ဘယ်အဖွဲ့ကမှ တာဝန်ခံတာမျိုးမရှိပါဘူး။  ဒီတောင်ပိုင်းဒေသတွေမှာ ၂၀၀၄ ခုနှစ် သောင်းကျန်းမှုစတင်ချိန်ကစပြီး လူပေါင်း ၇၃၀၀ ကျော်သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အစ္စလာမ်ဒေသခံတွေကတော့ ထိုင်းနိုင်ငံမှာ သူတို့ကို ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ်ဆက်ဆံ ခံနေရတယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒီဒေသတွေမှာ အစ္စလာမ်ခွဲထွက်ရေးလှုပ်ရှားမှုတွေ အချိန်အခါလိုက် ထကြွလေ့ရှိပြီး ထိုင်းအာဏာပိုင်တွေရဲ့ ပြင်းထန်တဲ့ နှိမ်နင်းမှုတွေကြောင့် သဘောကွဲလွဲမှုကို ပိုဆိုးရွားစေခဲ့တာ လည်းဖြစ်ပါတယ်။