ဒိန်းမတ်-ပြင်သစ်၊ သြစတြေးလျ-ပီရူး၊ နိုင်ဂျီးရီးယား-အာဂျင်တီးနား၊ အိုက်စလန်-ခရိုအေးရှားတို့ ထိပ်တိုက် တွေ့မည့်ည

ဒိန်းမတ်-ပြင်သစ် / ည ၈ နာရီခွဲ

နောက်တစ်ဆင့်တက်ခွင့်ရသည့် ပြင်သစ်အတွက် အရေးမကြီးသော်လည်း ဒိန်းမတ်အသင်းသည် အနိမ့်ဆုံးသရေ ကစားနိုင်မှ အုပ်စုကျွတ်မည်ဖြစ်သည်။ ပြင်သစ်အနေဖြင့်လည်း အုပ်စုဗိုလ်ဖြစ်လိုပါက  တစ်မှတ်လိုအပ်နေသည်။

ဒိန်းမတ်သည် ခံစစ်ကောင်းပြီး ပထမနှစ်ပွဲတွင် ပင်နယ်တီ တစ်ဂိုးသာ ခွင့်ပြုခဲ့ရသော်လည်း တိုက်စစ်က ဂိုးရရန် ရုန်းကန်နေရသည်။ ပြင်သစ်ခံစစ်က နှစ်ပွဲတွင် ပင်နယ်တီ  တစ်ဂိုးသာခွင့်ပြုခဲ့ရပြီး  ရှေ့တန်းနှင့်အလယ်တန်း၌ ဒိန်းမတ်ထက်သာသည်။ သို့သော် ဒိန်းမတ်က တစ်မှတ်ရရန်ရုန်းကန် လာနိုင်သည်။

ထိပ်တိုက်တွေ့ဆုံမှု ခြောက်ကြိမ်တွင် ပြင်သစ်က ငါးပွဲနိုင်ပြီး ဒိန်းမတ်က တစ်ပွဲအနိုင်ရထားသည်။

သြစတြေးလျ-ပီရူး /ည ၈ နာရီခွဲ

 ဒိန်းမတ်ရှုံးပွဲကြုံပြီး သြစတြေးလျ အနိုင်ရပါက ရမှတ်လေးမှတ်ချင်းတူမည်ဖြစ်သည်။ လက်ရှိတွင် ဒိန်းမတ်က ဂိုးကွာခြားချက်အရ တစ်ဂိုးအသာရနေပြီး သြစတြေးလျက  နှစ်ဂိုးလျော့နည်းသည်။ ထို့ကြောင့် သြစတြေးလျ အနေဖြင့် ပီရူးကို ဂိုးများများသွင်းရန် လိုအပ်ပြီး ဒိန်းမတ်ရှုံးပွဲကြုံရန်လည်း လိုအပ်သည်။

သို့သော် ဒိန်းမတ်သာသရေကျပါက သြစတြေးလျအဖို့ ယခု ပွဲရလဒ်အရေးမပါတော့ဘဲ ပီရူးနှင့်အတူ အုပ်စုမှ လှည့်ပြန် ရမည်ဖြစ်သည်။

နိုင်ဂျီးရီးယား- အာဂျင်တီးနား / ည ၁၂ နာရီခွဲ

နှစ်သင်းစလုံး၏ ကံကြမ္မာ ကို အဆုံးဖြတ်ပေးမည့်ပွဲဖြစ်ပြီး နိုင်ဂျီးရီးယားအနေဖြင့် နိုင်ပွဲရလျှင် နောက်တစ်ဆင့်သို့ လွတ်လွတ်ကျွတ်ကျွတ် တက်ခွင့်ရမည် ဖြစ်သည်။ အကယ်၍ သရေကျပါက အိုက်စလန်- ခရိုအေးရှားပွဲရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

အာဂျင်တီးနားက ယခုပွဲအနိုင်ရလျှင်ပင် အခြားပွဲရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ အိုက်စလန်က ခရိုအေးရှား ကို အနိုင်ရပါက အာဂျင်တီးနားအနေဖြင့် အိုက်စလန်ထက် ဂိုးကွာခြားချက် အသာရမှ အုပ်စုမှတက်မည်ဖြစ်သည်။

အာဂျင်တီးနားသည် နိုင်ဂျီးရီးယားကို ၁၉၉၄၊ ၂၀၀၂၊ ၂၀၁၀ နှင့် ၂၀၁၄ ကမ္ဘာ့ဖလားလေးကြိမ်စလုံး အနိုင်ရခဲ့သည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားပြီး ထိပ်တိုက်တွေ့ဆုံမှု ရှစ်ကြိမ်တွင် ငါးပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးထားသည်။

အိုက်စလန်- ခရိုအေးရှား  / ည ၁၂ နာရီခွဲ

အာဂျင်တီးနားနှင့် နိုင်ဂျီးရီး ယားသရေကျပြီး အိုက်စလန်အနေဖြင့် ခရိုအေးရှားကို အနိုင်ရလျှင်ပင် နိုင်ဂျီးရီးယားထက် ဂိုးကွာခြားချက် အသာရဖို့ အရေးကြီးသည်။ သို့သော်အိုက်စလန်သည် နောက်တစ်ဆင့် တက်ခွင့်ရရန် ခရိုအေးရှားနှင့် ကစားရမည် ဖြစ်၍ အနိုင်ရလျှင်ပင် ဂိုးပြတ်အနိုင်ရန် မလွယ်ကူပေ။

ယခုပွဲတွင် အဝါကတ်ထိထားသော အဓိကကစားသမားများကို အနားပေးမည်ဟု ခရိုအေးရှားနည်းပြ ဒါလစ်က ပြောထားသဖြင့် နိုင်ဂျီးရီးယားအသင်း ခေါင်းဆောင် မီခေးလ်က ဝေဖန်ခဲ့သည်။

ခရိုအေးရှားက ရှုံးပွဲကြုံလျှင်ပင် ထိပ်တိုက်တွေ့ဆုံမှုအပြင် ဂိုးကွာခြားချက်များသောကြောင့် အုပ်စုဗိုလ်ဖြစ်ရန် ကျိန်းသေသည်။ နောက်တစ်ဆင့် အတွက် အားချန်ပြီး ကစားဖွယ်ရှိသဖြင့် ခရိုအေးရှားက ဂိုးမပြတ်ဘဲ အနိုင်ယူနိုင်သည်။ ထိပ်တိုက်တွေ့ဆုံမှု ခြောက်ကြိမ်တွင် ခရိုအေးရှားက လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲ ရှုံးထားသည်။

—Ref:Goonersguide.  / 7Days