ဖိလစ်ပိုင်၌ အမေရိကန် ဒေါ်လာ ၄ ဒသမ ၈၅၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် တောင်ကိုရီးယား

ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား အစိုးရတို့သည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၅၈ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ၂၃ ခုကို လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကုန်သွယ်ရေး ဝန်ကြီး ရေမွန်လိုပက်က ပြောသည်။

အဆိုပါ သဘောတူညီချက်များသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေ၏ သုံးရက်ကြာ တောင်ကိုရီးယား ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြောင့် ဖိလစ်ပိုင် နိုင်ငံ၌ အလုပ်အကိုင်ပေါင်း ၅၈ဝဝဝ ခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၌ လူဦးရေ တိုးပွားနေပြီး လူလတ်တန်းစား ဦးရေမြင့်တက်လာခြင်းကြောင့် ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး၊ ကုန်ပစ္စည်းများ လက်လီဖြန့်ချိရေး စသည့် ကဏ္ဍများတွင် အခွင့်အလမ်းများဖြစ်ပေါ် နေသည်ကို တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများက အပြုသဘောရှုမြင်နေသည့်အပြင် ယုံကြည်မှုရှိနေကြောင်း ရေမွန်လိုပက်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

တောင်ကိုရီးယားသည် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ဖိလစ်ပိုင်သို့ ပေးအပ်မည်ဖြစ်ကြောင်း ဒူတာတေ၏ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့ ကပြောသည်။

ထို့ပြင် ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား တို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းမှုအပါအဝင် ကုန်သွယ်ရေး တွင် အကောက်ခွန်ကင်းလွတ်ခွင့် သဘောတူညီချက် ချမှတ်ရေးအတွက် ပူးတွဲကော်မရှင် ဖွဲ့စည်းရေးကို တိုးမြှင့်လုပ်ဆောင်ရန် သမ္မတနှစ်ဦးက သဘောတူကြောင်း လိုပက်က ပြောသည်။

အလားတူ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယား အစိုးရတို့သည် အာဆီယံ-တောင်ကိုရီးယား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် ချမှတ်ရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကိုပါ တိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိသည်။

မြ၀တီ