ထရမ့်နဲ့ ကင်ဂျုံးအန် ဇွန် ၁၂ တွေ့ဖို့ အိမ်ဖြူတော် မျှော်လင့်

မြောက်ကိုရီးယား ထိပ်တန်းသံအဖွဲ့နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမည်

ဓာတ်ပုံ – AFP/File/Mandel NGAN,Patrick Semansky

သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကင်ဂျုံးအန်တို့ တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေးပွဲကို မူလစီစဉ်ခဲ့တဲ့အတိုင်း လာမယ့် ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူမှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ ညနေမှာ ထုတ်ပြန်ပြောကြားပါတယ်။

ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေ အပြုသဘော ချောမောနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီ ထိပ်သီးဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်တွေကို ညှိနိုင်းဖို့အတွက် မြောက်ကိုရီးယား ထိပ်တန်းအရာရှိ Kim Yong Chol ကင်ယွန်းချို ဟာ နယူးယောက်မြို့ကို မနေ့က ရောက်ရှိလာပြီး မက်ဟက်တန်ရပ်ကွက်က ဟိုတယ်တခုမှာ တည်းခိုနေပါတယ်။ ဘေကျင်းမြို့ကလာတဲ့ တရုတ်လေကြောင်းလိုင်း လေယာဉ်ပျံနဲ့ လိုက်ပါလာတာ ဖြစ်ပါတယ်။ သူဟာ ကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ဒီနေ့တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ သမ္မတ ထရမ့် နဲ့ ကင်ဂျုံးအန်တို့ ဆွေးနွေးပွဲကျင်းပဖြစ်မယ်ဆိုရင် မြောက်ကိုရီးယား အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ထည့်သွင်းပြောဆိုမှာလားဆိုတဲ့ မေးခွန်းကို နိုင်ငံခြားရေးဌာန ပြောခွင့် ရသူက ဖြေဆိုဖို့ မနေ့က ငြင်းပယ်လိုက်ပါတယ်။

အဲဒီဆွေးနွေးပွဲဟာ အဓိကအားဖြင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် ဖြစ်ပါတယ်။ လူ့အခွင့်ရေးကိစ္စ ပါဝင်မလားဆိုတာ ကြိုတင်မပြောနိုင်သေးဖူးလို့ ဆိုပါတယ်။

နိုင်ငံခြားရေးဌာနက မေလ ၂၉ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဘာသာရေးလွတ်လပ်မှု အစီရင်ခံစာမှာ မြောက်ကိုရီးယားအစိုးရက ဘာသာရေးနဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားတဲ့ အကျဉ်းသား အရေအတွက် တသိန်းကျော်ထိ ရှိနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

-Ref; RFA