ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ဂျိုကိုဗစ် နောက်တစ်ဆင့်တက်ပြီးဝေါရင်ကာ ဒဏ်ရာကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရ

ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်သည် ပြင်သစ်အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ဘရာဇီးတင်းနစ် ကစားသမား ဒူထရာဆေးလ်ဗားအား အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဂျိုကိုဗစ်သည် ဒူထရာဆေးလ်ဗားအား ၆-၃၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ဒဏ်ရာ ရရှိနေခဲ့ခြင်းကြောင့် ဂရန်းဆလမ်းပြိုင်ပွဲများတွင် ဆုဖလားရယူနိုင်ခဲ့ခြင်းမရှိခဲ့သူ ဖြစ်သည်။

ဂျိုကိုဗစ်သည် လက်ရှိတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁၂ တွင် ရပ်တည်လျက်ရှိပြီး တံတောင်ဆစ် ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ကာ မတ်လ အတွင်းက ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် အခြားကစားသမားတစ်ဦးဖြစ်သည့် ဝေါရင်ကာသည်လည်း အဖွင့်ပွဲစဉ်တွင် ဒဏ်ရာ ပြဿနာကြောင့် ရုန်းကန်ခဲ့ရသည့်အပြင် ရှုံးပွဲပါ ကြုံတွေ့ခဲ့ရသည်။ စပိန်နိုင်ငံသား တင်းနစ်ကစားသမား ဂါစီယာလိုပက်ဇ်သည် ဝေါရင်ကာကို ၆-၂၊ ၃-၆၊ ၄-၆၊ ၇-၆(၇-၅)၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဝေါရင်ကာသည် ယခင်က ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃ဝ အတွင်း ရှိခဲ့သော် လည်း ယခုရှုံးပွဲကြောင့် အဆင့် ၃ဝ မှတစ်ဆင့် ထပ်မံလျော့ကျဦးမည်ဖြစ်ပြီး အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ဇွန် ၁၁ ရက်တွင် ထုတ်ပြန်မည် ဖြစ်သည်။

အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် ကမ္ဘာ့အဆင့်နံပါတ်တစ်နေရာတွင် ရပ်တည်လျက် ရှိသော စပိန်ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်နှင့် အီတလီ တင်းနစ်ကစားသမား ဘိုလယ်လီတို့၏ ပွဲစဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ပွဲကို ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

Myanmaalinn