လစာတိုးမြှင့်ရေးအတွက် အိန္ဒိယနိုင်ငံတစ်ဝန်း ဘဏ်ဝန်ထမ်း တစ်သန်းကျော် ဆန္ဒပြ

နယူးဒေလီ၊ မေ ၃၁

လာမည့် ငါးနှစ်တာကာလအတွက် ကမ်းလှမ်းထားသည့် လစာနှုန်းထက် ပိုတိုးပေးရန် အိန္ဒိယနိုင်ငံက ဘဏ်ဝန်ထမ်း တစ်သန်းကျော်သည် နိုင်ငံအနှံ့ နှစ်ရက်တာ ဆန္ဒပြမှုကို မေ ၃၀ ရက်က စတင်ကြသည်။

ဘဏ်လုပ်သားဝန်ထမ်းများ၏ ၈၅ ရာခိုင်နှုန်းနီးပါး အဆိုပါ ဆန္ဒပြမှုအတွင်း ပါဝင်ကြကြောင်း All India Bank Employees Association မှ ညွှန်ကြားရေးမှူးချုပ် ဗန်တာတာချာလမ်က အီးပီအေသတင်းသို့ ပြောသည်။

“နိုင်ငံတွင်းက ဘဏ်ခွဲတော်တော်များများ ပိတ်ကုန်ကြပါပြီ။”ဟု ၎င်းက ပြောပြီး ယခုသပိတ်မှောက်မှုကို United Forum of Bank Unions နှင့် နိုင်ငံ၏ အစိုးရဘဏ် ၂၁ ဘဏ်၊ ပုဂ္ဂလိကဘဏ် ဆယ်ဘဏ်၊ နိုင်ငံခြားသားဘဏ် ခြောက်ဘဏ်မှ ၀န်ထမ်းအလုပ်သမားများ ပူးပေါင်းကာ နှိုးဆော်ဆန္ဒပြကြခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ဆိုသည်။

လစာနှုန်းထားများကို ငါးနှစ်တိုင်း တစ်ကြိမ် ပြန်လည်ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်ကာ ပုံမှန်အားဖြင့် ၁၂ နှင့် ၁၇ ရာခိုင်နှုန်း တိုးမြှင့်ပေးတတ်ကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာက ကုန်ဆုံးသည့် နောက်ဆုံးငါးနှစ်ပတ်လည်တွင် နှစ်ရာခိုင်နှုန်း နည်းပါးစွာ ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးလစာ တိုးမြှင့်ပေးထားခြင်းမှာ ၁၅ ရာခိုင်နှုန်းသာ ဖြစ်ကြောင်းလည်း ဗန်တာတတာချာလမ်က ပြောသည်။

“ဒါဟာ လုံးလုံး လက်သင့်ခံစရာမရှိဘူး။”ဟု ၎င်းက အီးပီအေသို့ ပြောသည်။

ယခု ဆန္ဒပြပွဲအား မေ ၃၁ ရက်အထိ ဆင်နွှဲသွားရန် စီစဉ်ထားသော်လည်း တောင်းဆိုမှုကို လိုက်လျောခြင်း  မရှိလျှင် ကြီးမှူးကျင်းပသည့် ဘဏ်သမဂ္ဂအနေဖြင့် လက်လျှော့သွားရန် မရှိကြောင်း သိရသည်။

EFE_EPA