ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးလက်ဒေသများသို့ ကွင်းဆင်းတွေ့ဆုံ၍ ကျေးရွာ ကိုယ်ထူကိုယ်ထ ဆက်သွယ်ရေးလမ်းများအတွက် ငွေသားများလှူဒါန်း

 

ဖြူး၊ မေ ၂၃

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ အတွင်းရေးမှူး ဦးကျော်မင်းနိုင်နှင့် မြို့နယ်အမှုဆောင်များ၊ ဒေသတာဝန်ခံများပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ငါးခေါင်းအင်းကျေးရွာသို့ လည်းကောင်း၊ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ရင်းတိုက်စိန်ကျေးရွာ၊ ကြာအင်းကြီး ကျေးရွာနှင့် ရွာသစ်ကျေးရွာများသို့ လည်းကောင်း သွားရောက်၍ သက်ဆိုင်ရာကျေးရွာများမှ ရပ်မိရပ်ဖများ၊ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌက ပါတီ၏မူဝါဒလမ်းစဉ်များကို ရှင်းလင်းပြောကြားခြင်း၊ ပြည်ခိုင်ဖြိုးပါတီဝင် ဦးကိုကိုကျော် (ဒုတိယဗိုလ်မှူးကြီး/ငြိမ်း) က ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် အရပ်ရပ်၌ ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြောကြားခြင်း၊ ဒေသခံပြည်သူများ၏ ဆွေးနွေး မေးမြန်းချက်များအပေါ်တွင် မြို့နယ်အမှုဆောင်များနှင့် ဒေသတာဝန်ခံများက အကြံပြုဖြေကြားဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါကွင်းဆင်းတွေ့ဆုံမှုများကို ဆောင်ရွက်ရင်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ၏ ကိုယ်ပိုင်ငွေကြေးများဖြင့် ဖြူးမြို့နယ် ရင်းတိုက်စိန်ကျေးရွာမှ ဖြူးအုတ်ဖြတ် မော်တော်ကားလမ်းမသို့ ဆက်သွယ်သောလမ်းအတွက် ကျောက်ရော မြေခင်းရန် ငွေကျပ် တစ်သိန်းနှင့် ကြာအင်းတာကျိုး ဆက်သွယ်ရေးလမ်းအတွက် ကျောက်ရောမြေ ခင်းရန် ငွေကျပ်တစ်သိန်းတို့ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီကိုယ်စား ဦးကိုကိုကျော်က ပေးအပ်လှူဒါန်းသည်ကို သက်ဆိုင်ရာကျေးရွာစည်းရုံးရေးမှူးများက လက်ခံရယူခဲ့ကြသည်။

ကျော်ဆွေဝင်း(ရွှေအင်း)