ကြက်ဥကို အလှအပရေးရာမှာ ဘယ်လိုအသုံးပြုနိုင်မလဲ

ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ တခြားသော ဓာတ်ပစ္စည်းများက ကျန်းမာရေး အတွက်ကို များစွာ အထောက် အကူပြုရုံ သာမက အလှအပရေးရာမှာလည်း အသုံးတည့်တာကို တွေ့ရပါတယ်။ ကြက်ဥ အနှစ်ရော၊ အကာကို ရော အသုံးပြုနိုင်ပြီး ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်။

(၁) ဆံပင်အရှည်မြန်စေဖို့

ကြက်ဥအနှစ်နှစ်လုံးနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းတို့ကို ရောစပ်ပြီး ဦးရေပြားနဲ့ ဆံကေသာအနှံ့ သုတ် လိမ်းပေးပါ။ ကြက်ဥအနှစ်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က ဦးရေပြားကို အားဖြည့်ပေးပြီး ဆံပင်ရှည်မြန်စေဖို့ များစွာ အထောက်အကူဖြစ်စေမှာပါ။  မိနစ် ၂၀လောက် ပေါင်းတင်ပြီး ရေအေးနဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းအတိုင်း တစ်လကို ၃ကြိမ်လောက်ပြုလုပ်ပေးရုံနဲ့ ရှည်လျား လှပတဲ့ ဆံကေသာကို အမြန်ဆုံး ပိုင်ဆိုင်နိုင်မှာပါ။

(၂) ဆံသားပျက်စီးခြင်းအတွက်

ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက်၊ အရောင်ဆိုးလိုက်နဲ့ လုပ်နေရလို့ ဆံသားပျက်စီးလာတဲ့ အခါ ကြက်ဥကို သတိရလိုက်ပါတယ်။ ကြက်ဥတစ်လုံး၊ ငှက်ပျောသီးတစ်လုံးနဲ့ နွားနို့ စားပွဲတင်ဇွန်း နှစ်ဇွန်း တို့ကို ရောစပ်ပြီး ပေါင်းတင်ပေးပါ။ shower cap နဲ့ အုပ်ထားပေးရင် ပိုကောင်းပါတယ်။ တစ်နာရီ လောက် ပေါင်းတင်ပေးပြီး အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ ဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်း အတိုင်း တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ နဂိုလှပတဲ့ ဆံကေသားလေးအတိုင်း ပြန်လည်ရရှိစေမှာပါ။

(၃) မျက်နှာကြည်လင်ဝင်းပစေဖို့

မျက်နှာပေါ်က ဆဲလ်သေများ ဖုံးအုပ်နေမယ်ဆိုရင် မျက်နှာကြည်လင်ဝင်းပမှု မရှိတော့ပါဘူး။ ဒါ့ကြောင့် မျက်နှာပြင်ပေါ်က ဆဲလ်သေများနဲ့ အမည်းစက်များကို ရှင်းထုတ်ဖို့အတွက် ကြက်ဥနဲ့ မျက်နှာပေါင်းတင်ပေးနိုင် ပါတယ်။ ကြက်ဥအကာကိုအမြှပ်ထတဲ့ထိ မွှေပြီး ပျားရည်နဲ့ သံလွင်ဆီ အနည်းငယ် ရောစပ်လိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို တစ်လွှာချင်းစီ မျက်နှာပေါ်တင်ပြီး ခြောက်သွေ့ သွားတဲ့အခါ ခွာချလိုက်ရုံပါပဲ။ တစ်ပတ်ကို တစ်ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ ကြည်လင် ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်ရရှိစေမှာပါ။

(၄) ဝက်ခြံကင်းရှင်းစေဖို့

ကြက်ဥက မျက်နှာပေါ်က ဝက်ခြံများကို ကုသပေးဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ကြက်ဥ အကာတစ်မျိုး ထဲကို အသုံးပြုရုံနဲ့ ဝက်ခြံနဲ့ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်များကို ဖယ်ရှားပေးနိုင်မှာပါ။ ကြက်ဥအကာကို သန့်ရှင်းတဲ့လက်နဲ့ ယူပြီး မျက်နှာအနှံ့သုတ်လိမ်းပေးပါ။ ပြီးရင်တော့ တစ်ရှူးသန့်သန့်လေးနဲ့ အပေါ်က အုပ်လိုက်ပါ။ မိနစ် ၂၀ ခန့် ပေါင်းတင်ပြီး ရေအေးအေး နဲ့ ဆေးကြောသန့်စင်လိုက်ရုံပါပဲ။ ပြီးရင်တော့ Moisturizer လေး ပြန်လိမ်းပေးဖို့တော့ လိုပါတယ်နော်။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ပေးသွားမယ်ဆိုရင် ဝက်ခြံကင်းစင် တဲ့ အလှပိုင်ရှင်လေးဖြစ်စေမှာပါ။  Credit: myanmaplatform