အမေရိကန်နှင့်တရုတ် စီးပွားရေးကုန်သွယ်မှု ပူးတွဲကြေညာချက် ထုတ်ပြန်

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ တိုင်ပင်ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး မေလ ၂၀ ရက်နေ့မှာ ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ရဲ့ဖိတ်ကြားချက်နဲ့ တရုတ်ကိုယ်စားလှယ်တွေ ဝါရှင်တန်ကို ရောက်ရှိ ဆွေးနွေးပြီးနောက်မှာ အခုကြေညာချက် ထွက်လာတာပါ။

တရုတ်- အမေရိကန် ကိုယ်စားလှယ်တွေဟာ  နှစ်နိုင်ငံသမ္မတတို့ရဲ့ လမ်းညွှ်န်မှုကို အခြေခံပြီး ကုန်သွယ်ရေး ပြဿနာတွေကို အပြုသဘောဆောင် တိုင်ပင်ညှိနှိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အမေရိကန်က ကုန်သွယ်ရေး လိုငွေပြနေတာကို လျှော့ချသွားနိုင်ဖို့ ထိရောက်တဲ့ အစီအမံတွေ လုပ်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဒါ့ကြောင့် တရုတ်ဟာ အမေရိကန် စိုက်ပျိုးရေးနဲ့ စွမ်းအင်ဆိုင်ရာ ထုတ်ကုန်တွေ သာမက ၀န်ဆောင်မှုတွေကို တိုးဝယ်သွားဖို့ရှိနေပါတယ်။

ဒီ့အတွက် နောက်ထပ် ဆွေးနွေးတာတွေလုပ်ဖို့ အမေရိကန်ဘက်က တရုတ်နိုင်ငံဆီကို ကိုယ်စားလှယ်တွေ လွှတ်ဖို့ရှိနေပါတယ်။

ဒါ့ပြင် တရုတ်ဘက်ကလည်း မူပိုင်ခွင့်ဥပဒေအပါအ၀င် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ဖို့ ရှိနေတယ်လို့ စီစီတီဗွီ သတင်းဌာနက အစီရင်ခံထားပါတယ်။

(DVB)