သုံးကြိမ်ခန့်ရွှေ့ဆိုင်းထားသော ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မေလကုန်တွင်ကျင်းပရန်မသေချာ

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မေလကုန်တွင် ကျင်းပရန် သဘောတူထားသော်လည်း လက်ရှိငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အခြေအနေများအရ သတ်မှတ်ချိန်အတိုင်း ကျင်းပရန် မသေချာကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များက ပြောသည်။ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ၏ NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ၌ ၂၁ရာစု ပင်လုံကို ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် သဘောတူခဲ့ သည်။ သို့သော် အဆင်သင့်မဖြစ်၍ မေလကုန်တွင် ကျင်းပရန် ဧပြီလလယ်က နေပြည်တော်၌ ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော ဆွေးနွေးပွဲ၌ သဘောတူခဲ့ပြန်သည်။

ထို့နောက် အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအကြား နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ် သဘောဆွေးနွေးပွဲကို မေလဒုတိယပတ်အတွင်း  ကျင်းပရန် ချိန်းဆိုခဲ့ရာ အပစ်ရပ် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အပြောင်းအလဲများကြောင့် သတ်မှတ်ချိန်အတိုင်း မတွေ့နိုင်ဘဲ မေ လ ၁၈ ရက်မှသာ တွေ့နိုင်မည် ဖြစ်ရာ ပြင်ဆင်ချိန်နီးကပ်နေ၍ ၂၁ ရာစုပင်လုံအစည်းအဝေး မေလအတွင်း ပြုလုပ်ရေးမသေချာသည့် အနေအထား ဖြစ်နေ သည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။

‘‘၁၈၊ ၁၉ မှာ အလွတ်သဘောတွေ့ဖို့ရှိတယ်။ သူတို့ဘက်က သဘောထားပျော့ပျောင်းတဲ့ သူတွေမပါတော့ဘူး လို့ သိရတယ်။ ပင်လုံမေလအတွင်းဖြစ်ဖို့က လုပ်ချင်တဲ့ စိတ်ရှိဖို့ လိုအပ်တယ်’’ဟု အစိုးရ၏ ဆွေးနွေးရေး ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့များ၏ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ အလွတ်သဘောဆွေးနွေးပွဲကို ဧပြီ ၂၀ နှင့် ၂၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်။ ထိုစဉ်က နိုင်ငံရေး ကဏ္ဍကို ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကဦးဆောင် ပြီး လုံခြုံရေးကဏ္ဍကို KNU ကာကွယ်ရေးဌာနတာဝန်ခံ ပဒိုစော ရောဂျာခင်က ဦးဆောင်သည်။

သို့သော် မေလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသော NCA လက်မှတ်ထိုးခေါင်းဆောင်များ အစည်းအဝေးတွင် အဖွဲ့ခေါင်း ဆောင်အပြောင်းအလဲပြုလုပ်ပြီး နိုင်ငံရေးကဏ္ဍကို KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစော တာဒိုမူး၊ လုံခြုံရေးကဏ္ဍကို KNU ဗဟိုအလုပ်အမှုဆောင် စောတာ မူလာတို့ကို ပြောင်းလဲတာဝန်ပေးခဲ့သည်။ ၂၁ ရာစုပင်လုံ မေလအတွင်းကျင်းပနိုင်မှုရှိ၊ မရှိ မပြောနိုင်သေး ဘဲ အစိုးရနှင့် အလွတ်သဘော ဆွေးနွေးပွဲများအပေါ် မူတည်ကြောင်း ပဒိုစောတာဒိုမူးက ပြောကြားသည်။

‘‘အလွတ်သဘောဆွေးနွေး ပွဲတွေက ပြီးခဲ့တဲ့တစ်ပတ်တုန်းက ပိတ်ဆို့နေတဲ့ အပိုင်းတွေ ဘယ်လို ကျော်လွှားမယ် ဆိုတဲ့ အခြေခံတွေ ဆက်ဆွေးနွေးရဦးမယ်။ အဲဒီအခြေခံတွေအပေါ်မှာ မူတည်တယ်။ ဘယ်လောက်ထိ လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်နိုင်မလဲဆိုတာ ပေါ့’’ဟု ၎င်းက ဆိုသည်။ အစိုးရနှင့် အပစ်ရပ်အဖွဲ့ များအကြား အဓိကညှိနှိုင်းနေရ သည့် အချက်များသည် ၂၀၁၇ မေလက ကျင်းပသည့် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး၌ သဘောတူရန် ကျန်နေသည့်အချက်များ ဖြစ်ပြီး နိုင်ငံရေးတွင် ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စ၊ လုံခြုံရေး၌ တစ်ခုတည်းသော တပ်မတော်တည်ဆောက်ရေးကိစ္စတို့ပါဝင်ကြောင်း တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်အချို့က ပြောသည်။

၂၁ ရာစုပင်လုံကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပရန် သဘောတူထားသော်လည်း (ယခု)မေလအတွင်း မကျင်းပ နိုင်ပါက တစ်နှစ် ကျော်ကြာသည်အထိ မကျင်းပ နိုင်သည့်အခြေအနေဖြစ်သည်။ NCA လက်မှတ်ထိုးအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ‘‘မေလမှာဘယ်လိုဖြစ်ဖြစ် စဖြစ်ဖို့လိုတာ ပေါ့။ အဲဒါမှ မဖြစ်ရင် လူကြီးလူ ကောင်းတွေ သဘောတူထားတဲ့ ဟာ အကုန်ပျက်ကုန်မှာပေါ့။ JICM လိုဟာက နှစ်ခါလုပ်ပြီးပြီ၊ နှစ်ခါစလုံးပျက်ရင်တော့ ပျက်တဲ့ လူက တာဝန်ရှိတာပေါ့’’ဟု ပြော သည်။

၂၁ ရာစုပင်လုံတတိယ အစည်းအဝေးကို၂၀၁၇ ဒီဇင်ဘာ တွင် ကျင်းပရမည်ဖြစ်သော်လည်း မကျင်းပနိုင်၍ ၂၀၁၈ ဇန်န၀ါရီလ ကုန်ပိုင်းသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ သို့ရာတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ လူထုတွေ့ဆုံပွဲများနှင့် ပတ်သက်၍ မပြေလည်မှုများရှိ၍ ဧပြီလကုန် (သို့မဟုတ်) မေလဆန်းသို့ ပြောင်းလဲခဲ့သည်။ ထို့နောက် မေလကုန်ပိုင်းသို့ ထပ်မံသတ်မှတ်ရာ ယခု မေလလယ်ရောက်သည်အထိ သတ်မှတ်ချိန်အတိုင်း ကျင်းပနိုင်ရန် မသေချာဖြစ်နေသည်။