ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

Photos: AFP

ရိုးမား နှင့် လီဗာပူးလ် ( ၂-၅-၂၀၁၈ နံနက် ၁း ၁၅)

ရိုးမားက ဘာစီလိုနာကို ကျော်ဖြတ်ခဲ့ဖူးတဲ့ အနေအထားကြောင့် ဒီပွဲမှာလည်း ယုံကြည်မှုတော့ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်နိုင်တာမျိုးကို အမြဲတမ်းလုပ်ပြနိုင်မယ်လို့ ယူဆလို့မရဘူး။ ဘာစီလိုနာက လီဗာပူးလ်ထက် ပိုတောင့်တင်း၊ ပိုကောင်းတဲ့အသင်းဆိုတာ မှန်ပေမယ့် ရိုးမားအတွက် ပိုအန္တရာယ်ကြီးတာက လီဗာပူးလ်လည်း ဖြစ်ရင်ဖြစ်နေနိုင်တယ်။ အထူးသဖြင့်တော့ ရိုးမားခံစစ်ပိုင်းက လီဗာပူးလ်တိုက်စစ်ကစားသမားတွေရဲ့ Pace ကို မလိုက်နိုင်တာက အဓိကအားနည်းချက်ဖြစ်နေတယ်။ လီဗာပူးလ်ကလည်း တစ်ပွဲကောင်းကစားရင်းနဲ့ ရှာတွေ့ခဲ့တဲ့ ကစားဟန်မဟုတ်ဘူး။ တစ်ရာသီလုံးလိုလို Pace ကို အားပြုပြီး ကစားလာတဲ့ အသင်းမျိုးဖြစ်နေတယ်။ ဒါကြောင့် အသင်းနှစ်သင်းရဲ့ ခြေအဆင့်အတန်းသိပ်မကွာရင်တောင် ရိုးမားရဲ့အားနည်းချက်နဲ့ လီဗာပူးလ်ရဲ့အားသာချက် ထိပ်တိုက် တိုးသလိုဖြစ်နေတယ်။ ပိုဆိုးတာက ရိုးမားက ဂိုးပြတ်နိုင်မှကို ဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးမှာ သေချာပေါက် ရင်ဆိုင်ရမှာက Counter Attacks ပဲ။ တက်ဖိရင်း ဂိုးရနိုင်သလို၊ ဂိုးပေးရဖို့ကလည်း အရမ်းလွယ်ပါတယ်။ တကယ်တော့ လီဗာပူးလ်ပဲ ဗိုလ်လုပွဲတက်မှာပါလို့ ပြောဖို့က လွယ်ပါတယ်။ ဒါပေမဲ့ ဒီ့ထက်နည်းနည်း ပိုပြီး စွန့်စားပြောရရင် ရိုးမားကွင်းမှာလည်း လီဗာပူးလ်ထပ်နိုင်သွားနိုင်တယ်။

ပွဲကြိုအချက်အလက်များ

■ ရိုးမားအသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၈)ပွဲတွင် (၄)ပွဲအနိုင်ရရှိခဲ့ သလို၊ (၄)ပွဲရှုံးနိမ့်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည့် ပွဲတိုင်း (၂)ဂိုးနှင့်အထက် ပေးခဲ့ရသည်။

■ လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၁၅)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း မရှိခဲ့ဘဲ (၉)ပွဲအထိ အနိုင်ရရှိခဲ့သလို၊ သွင်းဂိုး မရရှိသည့် ပွဲမှာလည်း (၁)ပွဲ သာ ရှိခဲ့သည်။

■ ချန်ပီယံလိဂ် (ဥရောပဖလား) ပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ပထမအကျော့ (၂-၅)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြန်လာနိုင်သည့်အသင်း မရှိခဲ့ချေ။

 

Eleven sports