အာဆီယံ-ၾသစေၾတးလ် နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် မြန်မာပါဝင်ရန် လွှတ်တော်သဘောတူ

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အကြမ်းဖက်မှုများကို တစ်နိုင်ငံတည်း ရင်ဆိုင်ကျော်လွှားရန် မဖြစ်နိုင် သဖြင့် အာဆီယံ – သြစတြေးလျ နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာတွင် ပါဝင် လက်မှတ် ရေးထိုးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။

ယင်းနားလည်မှုစာချွန်လွှာ တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင် လက်မှတ်ထိုးနိုင်ရေးကိစ္စနှင့်ပတ် သက်၍ မတ်လ ၁၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရာ လွှတ်တော် ကိုယ်စားလှယ်များက ယင်းကဲ့သို့ ထောက်ခံဆွေးနွေးပြီး လွှတ်တော်က သဘောတူခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်သူများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီး ယင်းအကြမ်း ဖက်တိုက်ခိုက်သူများအား ပြည်ပအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း များက ငွေကြေးအကူ အညီများပေးအပ်ကာ အကြမ်းဖက်မှု သက်ဆိုးရှည်စေရန် လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

‘‘ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းသွားဖို့အတွက် အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ အကြမ်းဖက်မှု အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် လျက်ရှိပါတယ်’’ဟု ၎င်းကပြောသည်။ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်မှ ပြည်သူများမှာလက်ရှိ အချိန်အထိအကြောက်တရားနှင့် ရင်ဆိုင်နေရသည့်အတွက်လည်း အာဆီယံ-သြစတြေးလျ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ် ရေးထိုးသင့်ကြောင်း ဒေါ်ထုမေကဆိုသည်။

‘‘ရခိုင်ပြည်နယ်အတွင်းက ဌာနေတိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ကို အခုလက်ရှိမှာ ခြံစည်းရိုးကာနေတာကိုလည်း ပြည်သူတွေက အားမရပါဘူး။ သူတို့ က ဘာဖြစ်ချင်လဲဆိုတော့ ခြံစည်းရိုးအစား တံတိုင်းကာဖို့တောင် တောင်းဆိုကြပါတယ်’’ ဟု ၎င်းကပြောသည်။ ယနေ့ခေတ် အကြမ်းဖက် သမားများသည် ခေတ်မီနည်း ပညာများ အသုံးပြုကာ စနစ် တကျ တိုက်ခိုက်မှုများ ပြုလုပ် လာကြသဖြင့် နိုင်ငံတစ်နိုင်ငံတည်းအနေဖြင့် ကာကွယ်၍ မရနိုင်တော့ဘဲ နိုင်ငံတကာနှင့် ပူးပေါင်း ကာကွယ်သင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်ဟု ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်းက ပြောသည်။

နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် အကြမ်းဖက် သမားများ နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြန်လည်မျှဝေခြင်းနှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ နောက်ခံသမိုင်းကြောင်းတို့   ဖော်ထုတ်ရာတွင် နည်းပညာအကူအညီများ ရရှိမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

အဆိုပါ နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးရန် ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့သည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့် အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီး ရှားနိုင်ငံတို့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်း ဒေါ်ထုမေကဆိုသည်။ ၂၀၁၇ သြဂုတ် ၂၅ ရက် နံနက် အရုဏ်တက်တွင် မောင်တော ဒေသရှိ ရဲစခန်းနှင့် ရဲကင်း များအား ရာနှင့်ချီသည့် လူအုပ်စုများက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်းတစ်ဦး ကျဆုံးခဲ့သည်။ ယင်းမတိုင်မီ ၂၀၁၆ အောက်တိုဘာကလည်း မောင်တော မြို့နယ်ရှိ နယ်ခြားစောင့် စခန်းနှင့် ရဲကင်းများ တိုက်ခိုက်ခံခဲ့ရသည်။