ပဲခူး (အနောက်) ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၂/၂ဝ၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး တက် ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ပြည်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ သာယာဝတီခရိုင်အတွင်းရေးမှူး ဦးဇော်ဝေလင်းနှင့် ခရိုင်ကော်မတီဝင်များ၊ ပြည်နှင့် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှာ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများအပါအဝင် စုစုပေါင်းအင်အား ၁ဝဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လူထုဟောပြောမှု၊ နိုင်ငံတကာရေးရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု အစရှိသော ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ကာ သင်တန်းကာလမှာ ယခုလ ၂၄ ရက်မှ ယနေ့၂၆ ရက်အထိ နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီနှင့် ည ၇ နာရီမှ ၉ နာရီအထိ ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ပို့ချရခြင်းမှာ အဆင့်ဆင့်သော ပါတီကော်မတီဝင်များ၏ အရည်အချင်းများ တိုးတက်မြင့်မား လာပြီး အနာဂတ်ကာလတွင် အရည်အသွေးမြင့်မားသော ခေါင်းဆောင်ကောင်းများ ဖြစ်လာရန်အတွက် သင်တန်းများအား စဉ်ဆက်မပြတ်ပို့ချကာ လေ့ကျင့်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။

သူရအောင် (ပြည်)