တောင်အာဖရိကသမ္မတ ဇူးမား၏ အနာဂတ်နှင့် ပတ်သက်၍ အာဏာရပါတီက အရေးပေါ်အစည်းအဝေး ခေါ်မည်

ရာထူးကနေ ဆင်းပေးရန် ငြင်းဆန်နေသည့် တောင်အာဖရိကသမ္မတ ဂျက်ကော့ဘ် ဇူးမား၏ အနာဂတ်နှင့် ပတ်သက်၍ အာဏာရ ANC ပါတီက လာမယ့် ဖေဖော်ဝါရီ ၇ ရက်တွင် အရေးပေါ် အထူးအစည်းအဝေး ခေါ်ယူဆုံးဖြတ်သွားမည်ဖြစ်သည်။

အကျင့်ပျက်ခြစားမှု မကောင်းသတင်းများနှင့် လုံးပန်းနေရသော သမ္မတ ဇူးမားမှာ ပြီးခဲ့သည့် ရက်ပိုင်းက ရာထူးကနေ ဆင်းပေးရန် တောင်းဆိုမှုများကို ပယ်ချငြင်းဆန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ ၎င်း၏ အနေအထားနှင့်ပတ်သက်၍ အာဏာရပါတီတွင်း၌ ဆွေးနွေးဆုံးဖြတ်သွားတော့မည် ဖြစ်သည်။

လက်ရှိအခြေအနေအရ သမ္မတ ဇူးမား၏ အနာဂတ်မှာ  လာမယ့် ဗုဒ္ဓဟူးနေ့ ANC အထူးအစည်းအဝေးအပေါ်တွင် မူတည်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

သမ္မတ သက်တမ်းအတွင်း ခြစားမှု မကောင်းသတင်းများ ထွက်ပေါ်ထားခဲ့သည့် ဇူးမားမှာ လာမည့် ကြာသပတေး နေ့တွင် နိုင်ငံတော် မိန့်ခွန်းပြောကြားသွားရန် ရှိနေပြီး ယင်းမိန့်ခွန်းပြောဆိုမှုမတိုင်ခင် ၎င်းအား ရာထူးမှ ထွက်ရန် တောင်းဆိုမှုများ ကျယ်လောင်စွာ ပေါ်ထွက်နေလျက်ရှိသည်။

အာဏာရပါတီအတွင်း ပါတီဝင် တစ်ချို့က ဇူးမား၏ နေရာတွင် ပါတီ အကြီးအကဲသစ်ဖြစ်သည့် ဆီရယ် ရာမာဖိုဆာ အား ချက်ချင်း အစားထိုးခန့်အပ်သွားရန် တွန်းအားပေးလုပ်ဆောင်မှုများ ရှိနေသည်။

သို့သော် ဇူမားအပေါ် သစ္စာခံသည့် ပါတီဝင်များဘက်ကလည်း ယင်းကြိုးပမ်းချက်အပေါ် အဟန့်အတား ဖြစ်စေနေပြီး ၎င်းတို့သမ္မတအနေဖြင့် ဒုတိယသက်တမ်း ဆက်လက်ယှဉ်ပြိုင်ရသင့်ဟု ခုခံပြောဆိုနေလျက် ရှိခြင်းကြောင့် ပါတီအတွင်းမှာပဲ မကျေလည်မှုများ ဖြစ်ပေါ်နေလျက်ရှိသည်။

ဖေဖော်ဝါရီ ၅ ရက်ကလည်း တောင်အာဖရိက အာဏာရပါတီ အဖွဲ့ဝင်များနှင့် ဇူးမားအပေါ် ထောက်ခံသူ အုပ်စုဝင်တို့အကြား အပြန်အလှန် အချင်းများ တိုက်ခိုက်မှုများ ဖြစ်ပေါ်ထားခဲ့သေးသည်။

-Ref; AFP