တရုတ်ဆင်ဟွာသတင်းဌာနက သတင်းကြေညာသူအဖြစ် စက်ရုပ်ကို အသုံးပြု

တရုတ် ဆင်ဟွာသတင်းဌာနက လူအရွယ်အစားရှိ စက်ရုပ်တစ်ရုပ်ကို သတင်းကြေညာသူအဖြစ် မတ်လ ၃ ရက်တွင် အသုံးပြုခဲ့သည်။ လူ့အမူအရာဟန်ပန်များနှင့် မျက်နှာပေးပုံစံအမျိုးမျိုးကို လိုက်လံတုပနိုင်သည့် အဆိုပါစက်ရုပ် သည် ‘နှစ်စဉ် ပါလီမန် အစည်းအဝေးတက်ရောက်ရန် ကိုယ်စားလှယ်များ ဘေဂျင်းမြို့သို့ ရောက်ရှိလာ’ဆိုသော သတင်းကို အစီရင်ခံခဲ့သည်။

ဉာဏ်ရည်တု (AI) ထည့်သွင်းထားသော ‘Xin Xiaomeng’ အမည်ရှိ ယင်းစက်ရုပ်ကို ဆင်ဟွာသတင်းအေဂျင်စီမှ တင်ဆက်သည့် တစ်မိနစ်ကြာ ဗီဒီယိုဖိုင်ထဲ၌ ဆံပင်တိုညှပ်ထားပြီး ပန်းရောင်ဘလောက်စ်ဝတ်ဆင်ကာ နားဆွဲ တပ်ထားသည်ကို တွေ့မြင်ရသည်။

Xin Xiaomeng စက်ရုပ်ကို ဆင်ဟွာသတင်း အစီအစဉ်တင်ဆက်သူ ကျူမန်၏ ပုံစံအတိုင်း ပုံသွန်းလောင်းထားပြီး ဆင်ဟွာ နှင့် Sogou နည်းပညာကုမ္ပဏီက ပူးပေါင်းဖန်တီးခဲ့သည်။

ဆင်ဟွာသည် အမျိုးသား ဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသား သတင်းကြေညာသူ AI စက်ရုပ် နှစ်ရုပ်ကိုလည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာက တရုတ်နိုင်ငံ အရှေ့ပိုင်း ဝူဇန်းမြို့၌ ကျင်းပသည့် ကမ္ဘာ့အင်တာနက် ညီလာခံတွင် ပြသခဲ့သည်။

တရုတ် အနေဖြင့် ထောက်လှမ်းရေးကိရိယာမှသည် မောင်းသူမဲ့ကားများအထိ ကျယ်ပြန့်သည့် AI နည်းပညာ ကဏ္ဍတွင် ၎င်းတို့၏ စွမ်းပကားများ ရှေ့တန်းရောက်စေရန် တွန်းအားပေး ဆောင်ရွက်နေသည်။ —Ref: Reuters