အစိုးရအပေါ် နှလုံးသားနှင့် မခံစားဘဲ ဦးနှောက်ဖြင့်သာ ခံစားဆုံးဖြတ်ဖို့လိုသည်

ယနေ့ ပြည်သူလုထု၏ စားဝတ်နေရေး၊ သွားရေးလာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများကအစ ပညာရေး၊ တရားစီရင်ရေးနှင့် ဘေးကင်းလုံခြုံရေးလို အခန်းကဏ္ဍများအထိ အရင်အတိုင်း မပြောင်းမလဲရှိနေသေးသလို အချို့သော နေရာများမှာ အရင်ကထက်တောင် ပိုပြီးဆိုးဆိုးရွားရွားရှိနေသည်ဆိုသည့် ဝေဖန်ပြစ်တင်သံတွေ ထွက်ပေါ်နေတာလည်း အမှန်ပါ။

သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် သမ္မတ အိမ်တော်ရောက်သည်နှင့် ပြည်သူများ၏မူလအခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် ဥပဒေပြဋ္ဌာန်းနိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြ ခြင်းကြောင့် အရေးယူမှုများသည် ဥပဒေပြဿနာသာဖြစ်ပြီး ယင်းဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းဖို့သာ ရှိသည်။ ပြောရလျှင် မြန်မာ့လူ့အဖွဲ့အစည်းသည် သမ္မတ (ငြိမ်း) ဦးသိန်းစိန်ကာလတွင် များစွာ ပွင့်လင်းလာခဲ့ပြီဖြစ်သည်။

ဤသည်နှင့် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၁၁/၂ဝ၁၆) ဆုံးဖြတ်ချက်များမှ ကောက်နုတ်ချက်အချို့ကို ဖော်ပြရလျှင် အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

– အမျိုးသားရေးနှင့် အမျိုးသားအကျိုးစီးပွားခိုင်မာတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်မည်။

– လူ့အခွင့်အရေးထက် ပြည်သူလူထူ၏ စားဝတ်နေရေးနှင့် လူမှုဘဝလုံခြုံရေးကို ဦးစားပေးဆောင်ရွက်မည်။

– တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်ပေးမည်။

 ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှစ်သစ်အကြိုနှုတ်ခွန်းဆက်စကားပြောရာ “ နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံး အတွက် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခြင်း၊ သုံးသပ်ခြင်းနှင့် စီမံခြင်းများပြု လုပ်ရာ၌ ပြည်တွင်းရှိပကတိ အခြေအနေများ၊ ပကတိအရှိတရားများကို အခြေခံစဉ်းစား၍ လက်တွေ့အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းစဉ်များ ဖြစ်အောင်ဆောင်ရွက်ကြပါမည်”ဟု ဆိုသည်။

မှန်လှပါသည်။ လက်တွေ့ဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ သုံးသပ်ခြင်း၊ စီမံခြင်းများပြုလုပ်ရာ တွင် ပြည်တွင်းရှိ ပကတိအခြေအနေ၊ ပကတိအရှိတရားများကို အခြေခံစဉ်းစားလုပ်ဆောင်ရန် လိုအပ်ပါသည်။ ဆန္ဒ၊ ဒေါသ၊ ဘယာမောဟဖြင့် ဆင်ကန်းတောတိုး ငါးပွက်ရာ ငါးစာချမျိုးလုပ်လျှင် ဟန်ပြသာ ဖြစ်ပါမည်။ လုပ်ငန်း အောင်မြင်မည် မဟုတ်ပါ။ “မူဝါဒတိတိကျကျမရှိ၊ ညံ့ဖျင်းသောစီမံခန့်ခွဲမှုများသည် နိုင်ငံ့ဘဏ္ဍာအပါအဝင် ဘက်စုံဆုံးရှုံးနစ်နာမှု ကြီးမားစွာ ဖြစ်ပေါ်စေပါသည်။ လိုအပ်သလို စောင့်ကြည့်ဝေဖန်ထောက်ပြ”ဟူ၍ ပြောခြင်း သည် ယနေ့ကာလ ဥပဒေနှင့်အညီ အတိုက်အခံပါတီအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေခြင်းဖြစ်သည်။ ဆိုရရင် ”အတိုက်အခံပါတီဆိုသည်မှာ စွပ်စွဲလိုက်မှ၊ တိုက်ခိုက်လိုက်မှ နေရာတိုင်းမှာ Anti လုပ်ရန်မဟုတ်ဘဲ အမျိုးသားအ ကျိုးစီးပွား၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဘာသာသာသနာနှင့်ပတ်သက်လာလျှင် ပြောသင့်ပြောထိုက်သူများကို စည်းကမ်းဥပဒေနှင့်အညီ ထောက်ပြဝေဖန် ရန်ဖြစ်ပါသည်”ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပြောပါသည်။

ဦးသိန်းစိန်အစိုးရလက်ထက် မြစ်ဆုံဆည် စီမံကိန်းအပေါ် လူထုသဘောထားများ အုံကြွ ပေါ်ထွက်လာခဲ့သည်။ မီဒီယာများက ကန့်ကွက်ခဲ့ကြသည်။ လမ်းမများပေါ်ထွက်၍ ဆန္ဒပြကြသည်။ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြသည်။ ဦးသိန်းစိန်အစိုးရ ဘယ်လို ဖြေရှင်းမလဲ။ အားလုံးက စောင့်ကြည့်ခဲ့ကြသည်။ မြစ်ဆုံ စီမံကိန်းကို ပြန်လည်လေ့လာသုံးသပ်မှာလား။ ဆက်လုပ်မှာလား။ ခန့်မှန်းခဲ့ကြသည်။ ဆည်စီမံကိန်းကို ရပ်ဆိုင်း ကြောင်း ကြေညာခဲ့ချိန်က အတော်များများ မယုံကြည်နိုင် ဖြစ်ခဲ့ကြရသည်။ လူထုဆန္ဒ၊ မီဒီယာများ၏ ဖော်ပြချက် များကို အလေးထားသည်ဟူသောအမြင်များ၊ ဒီမိုကရေစီနိုင်ငံရေးကို အပြောနှင့် လက်တွေ့ညီညွတ် သည်ဟူ သော အမြင်များလည်း ပေါ်ထွက်လာခဲ့သည်။ နိုင်ငံ့တာဝန်ကို နယ်ပယ်အသီးသီးတွင် ထမ်းဆောင်ခဲ့ကြ သော အငြိမ်းစားများ ပင်စင်လစာ မလောက်မငဖြင့် နေနေခဲ့ကြရသည်။ အချို့လည်း ပင်စင်ထုတ်ရမှာနှင့် လမ်းစရိတ် မကာမိသောကြောင့် မထုတ်ဘဲပစ်ထားကြသည် များလည်း ရှိသည်။ သမ္မတဦးသိန်းစိန်လက်ထက် ခေတ်နှင့် လျော်ညီသော ပင်စင်နှုန်းထားများကို တိုးမြှင့် ပေးလိုက်သောကြောင့် ပင်စင်စားများ ဝမ်းသာကြရသည်။

No Rohinja In Myanmar ရိုဟင်ဂျာမြန်မာမှာ မရှိဟု ပြတ်ပြတ်သားသား ကမ္ဘာကိုပြောခဲ့သည်။ ပြည်ပမှာ ပြောသလို ပြည်တွင်းမှာလည်း ပြောခဲ့သူသည် သမ္မတဦးသိန်းစိန်အစိုးရဖြစ်သည်။ မြန်မာ့စီးပွားရေးသည် ဈေးကွက်မပီမသ အခြေအနေသို့ ရောက်ရှိခဲ့ရာမှ ဈေးကွက်ယန္တရားများ အားကောင်းလာစေရန် ဦးသိန်းစိန်အစိုးရ ကြိုးပမ်းခဲ့သည်။ မြန်မာနိုင်ငံသည် ဒဏ်ခတ်ပိတ်ဆို့ခြင်း ခံချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ လက်လွှတ်ခံခဲ့ရသည်။ ကြွေးမြီဟောင်းများကင်းဝေးမှ ကြွေးမြီအသစ်များ လမ်းပွင့်လာမည်ကို ဦးသိန်းစိန်အစိုးရ အနေဖြင့် ကြိုတင်မျှော်တွေးထားခဲ့သည်။ ဤသို့ဖြင့် ဦးသိန်းစိန်ခေတ် မြန်မာနိုင်ငံသည် နှစ်စဉ် တိုးတက်မှုနှုန်း (အနည်းဆုံး) ငါးရာခိုင်နှုန်းနှင့် အထက်ရရှိစေရန် ဆောင်ရွက်ခဲ့သည်။

မြန်မာပြည်သူလူထုအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီကာလများက အခြေအနေနှင့် ယနေ့အစိုးရသစ် အခြေ အနေ တို့ကို နှိုင်းယှဉ်ကြည့်လျှင် ယခင်အစိုးရလက်ထက်က ပြည်သူလူထု အတွက် အတော်ပင်ပြောင်းလဲ ပိုမို တိုးတက်ခဲ့သည်။ ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက “ မိမိတို့အစိုးရ တာဝန်ယူစဉ်က ပြည်သူများ၏ ဆင်းရဲမှု လျှော့ချရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး (ပြည်တွင်းငြိမ်းချမ်းရေး) ကို တစ်ပြိုင်တည်း ဖိဖိစီးစီး ကိုင်တွယ်ခဲ့တယ်။ ထို့ကြောင့် နိုင်ငံစီးပွားရေး (ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေးများ) တစ်ပြေးညီ အပြိုင်တိုးတက် ခဲ့တယ်။ လက်ရှိအခြေအနေတွင် အထက်ပါ ကဏ္ဍသုံးရပ်လုံးကို ယခင်တစ်နှစ်တာကာလနှင့် နှိုင်းယှဉ်ချိန်ထိုး ကြည့်ပါက တိုးတက်နေသည်လား၊ ဆုတ်ယုတ်နေသည်လား ဆိုသည်ကို ပြည်သူများက အကဲဖြတ်ဆန်းစစ် နိုင်စွမ်း ရှိနေပြီဖြစ်တယ် ” ဟု မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံပွဲ၌ အမှာစကား ပြောကြားရာတွင် ထည့် သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးကလည်း အောက်ပါအတိုင်းပြောကြားခဲ့သည်ကို သတိပြုမိပါသည်။ “ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ထပ်မံပြီးတော့မှ တင်ပြလိုတဲ့အချက်တွေကတော့ ကျွန်တော်တို့ ပါတီအနေနဲ့က ကျွန်တော်တို့ရဲ့လားရာကို ကြည့် ပါ။ ကျွန်တော်တို့ပါတီဟာ စတင်ဖွဲ့စည်းစဉ်က စပြီးတော့မှ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးသယ်ပိုး ဆောင်ရွက် မယ်။ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတော် အေးချမ်းသာယာရေး၊ အမျိုးသားအကျိုးစီးပွားတွေကို ဆောင်ရွက်မယ်ဆိုပြီး တော့မှ တကယ်ကိုလူမှု ရေးစိတ်ဓာတ်၊ ပရဟိတစိတ်ဓာတ်တွေကို အခြေခံပြီးတော့မှ ရပ်ကျိုးရွာကျိုးသယ်ပိုး ဆောင်ရွက်လိုတဲ့ လူတွေနဲ့ စနစ်တကျစုဖွဲ့ပြီးတော့မှ ဆောင်ရွက်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်”။ “ကျွန်တော်တို့သည် ဒီနေ့အချိန်ကာလအထိ ကျွန်တော်တို့ပါတီအစိုးရတာဝန်ယူစဉ်ကာလရော၊ လက်ရှိ အများပြောနေကြတဲ့ အတိုက် အခံပါတီ ဖြစ်နေတဲ့ကာလမှာရော ကျွန်တော်တို့သည် နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို ပျက်စီးရာပျက်စီး ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးရာပျက်စီးကြောင်း ကျွန်တော်တို့ ဘာတစ်ခုမှမလုပ်ပါဘူး။ ဒီလို လုပ်ဖို့ လည်း လုံးဝမစဉ်းစား ခဲ့ပါဘူး”။“ကျွန်တော်တို့ပါတီအစိုးရလက်ထက်က အဲ့ဒီအချိန်က သမ္မတ၊ ကျွန်တော်တို့ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ဘာပြောခဲ့သလဲဆိုရင် သူတို့နိုင်ငံရေးပါတီတွေနဲ့ အခြားအဖွဲ့အစည်းတွေနဲ့ဆိုရင် မတူညီတာ တွေဘေးဖယ်ထား၊ တူညီတာတွေကို ပူးပေါင်းလက်တွဲပြီးတော့မှ ယနေ့နိုင်ငံတော်အကျိုးအတွက် လက်တွဲ ဆောင်ရွက်မယ် ဆိုတဲ့ လမ်းစဉ်နဲ့ ဒီကနေ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”

“၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင် ရပြီးတော့မှ ဒီကနေ့ နိုင်ငံတော်တာဝန်ကို ကျွန် တော်တို့ပါတီက နေပြီးတော့မှ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့သည် တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးစီးပွားကိုပဲ ကြည့်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒခံယူချက်ကိုက ပါတီအကျိုးနဲ့ နိုင်ငံ့အကျိုးယှဉ်လာရင် နိုင်ငံတော်အကျိုးကို ဦးစားပေးမယ်လို့ ဒီလိုခံယူ ထားတာဖြစ်ပါတယ်။ ဒီကနေ့အစိုးရ လက်ထက်မှာလည်းပဲ ကျွန်တော်တို့အာဏာရ ပါတီအစိုးရကို ဆန့်ကျင် လုပ်ကိုင်မယ်၊ ကန့်ကွက်မယ် မရှိပါဘူး”။“ကျွန်တော်တို့ပါတီအတိုက်အခံအနေနဲ့ရှိတဲ့ အခါမှာ နိုင်ငံတော်၌ ဖြစ်ပေါ်နေတဲ့အနေအထားတွေအပေါ် မူတည်ပြီးတော့မှ စီးပွားရေးဟာ အဓိကကျတယ်။ စီးပွားရေး သည် အောင်မြင်ဖို့ လိုအပ်တယ်ဆိုတဲ့ အနေအထားမှာ ကျွန်တော်တို့ ပါတီအနေနဲ့ စီးပွားရေးဖိုရမ်ဆိုတာ ကျင်းပပြီး တော့မှ ဒီကနေ့နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ အနေအထားနဲ့ ကျွန်တော်တို့ လုပ်ခဲ့တုန်းက အတွေ့အကြုံတွေကို ပေါင်းစပ်ပြီးတော့မှ ကျွန်တော်တို့ ကောက်နုတ်ချက်တွေ ထုတ်ပြန်ပြီး နိုင်ငံတော်အစိုးရကို အကြံÓဏ်တွေ ပေးပါတယ်”။
”ဒုတိယတစ်ခါ၊ ဒုတိယအကြိမ် တရားဥပဒေစိုးမိုးရေးတွေ၊ နယ်မြေတည်ငြိမ်အေးချမ်းရေးတွေ ပျက်ယွင်းလာ တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီခန်းမကြီးထဲမှာပဲ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီးတော့ ဆွေးနွေးပွဲရလဒ်တွေကနေတစ်ဆင့် ဒီကနေ့ နိုင်ငံတော် အစိုးရကို အကြံဉာဏ်ပေးတဲ့အနေအထားတွေကို ဖော်ထုတ်ပြီးတော့မှ ပြည်သူကို အသိပေးဆောင် ရွက်ခဲ့ပါတယ်”။ ”တစ်ဆက်တည်းမှာပဲ ရခိုင်ပြည်နယ်အရေး ကိစ္စနဲ့ပတ်သက်လို့လည်း ဖြစ်ပွားပြီးပြီးချင်းပဲ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ အလေးအနက်ထား ဆောင်ရွက်ဖို့ ဒါဟာဘယ်လိုအနေအထားတွေရှိတယ်။ ဘာတွေဖြစ်ပေါ် လာနိုင်တယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ ပါတီအနေနဲ့ သတင်းကြေညာချက် ထုတ်ပြန်ပြီးတော့မှ အစိုးရကို အကြံပေးခဲ့တာ ဖြစ်ပါတယ်”စသည်ဖြင့် ပါတီဗဟိုအတွင်းရေး မှူးဦးပိုက်ထွေးက ရှင်းပြသည်ကို မှတ်မိလိုက် ပါသည်။ ဆိုရရင် ပြည်ခိုင်ဖြိုးပါတီသည် အတိုက်အခံပါတီဖြစ်သည်။ အတိုက်အခံပါတီ ဆိုသည်မှာ စွပ်စွဲလိုက်မှ၊ တိုက်ခိုက်လိုက်မှ နေရာတိုင်းမှာ Anti လုပ်ရန် မဟုတ်ဘဲ အမျိုးသားရေး အကျိုးစီးပွား၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဘာသာ သာသနာနှင့် ပတ်သက်လာလျှင် ပြောသင့်ပြောထိုက်သူများကို စည်းကမ်းဥပဒေနှင့်အညီ ထောက်ပြ ဝေဖန်ခြင်း ဖြစ်သည်။ ပြည်သူများသည် မိမိတို့ဖြတ်သန်းလာခဲ့ရသည့် အတွေ့အကြုံအရ နိုင်ငံရေးပါတီတစ်ခု သည် မိမိပါတီ၏ ရည်ရွယ်ချက်၊ လုပ်ငန်းများကို ပြည်သူလူထုသို့ အပြောကောင်းကောင်းဖြင့် ချပြမည်။ မက်လောက် အောင် ဆွယ်တရားဟောကာ မက်လုံးပေးကြမည်။(ဥပမာ- ကျွန်ုပ်တို့သာ အာဏာရရင် ဘာလုပ်ပေးမည်၊ ညာလုပ်ပေး မည်ဟု ပြည်သူကို အသည်းခိုက်အောင် အကြိုက် ပေးပြောပြီး စည်းရုံးသည်။) နောက်ဆုံးတော့ ယင်းတို့ အာဏာရရေးသာဖြစ်သည်။

ပြည်သူများသည် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ”ယခင်နဲ့ယခု၊ မနေ့ကနဲ့ဒီနေ့၊ စနစ်တစ်ခုနဲ့တစ်ခု၊ အုပ်ချုပ်တဲ့အစိုးရ ကာလတစ်ခုနဲ့ တစ်ခု၊ အဲ့ဒီလို နှိုင်းယှဉ်သုံးသပ်တတ်ဖို့လိုပါတယ်”ဟု ညွှန်ပြသည်ကို တွေ့ပါသည်။ ပြည်သူ လူထုအနေဖြင့် ပါတီဥက္ကဋ္ဌ ညွှန်းဆိုသကဲ့သို့ နှိုင်းယှဉ်စဉ်းစား ချင့်ချိန်ကြရန်ဖြစ်ပါသည်။ ဤသို့ နှိုင်းယှဉ်စဉ်းစား ချင့်ချိန်ပါက အမေရိကန်ပြည်သူတို့၏ နမူနာအတိုင်း ဆောင်ရွက်ကြရန် အကြံပြုလိုပါသည်။ ”အမေရိကန် ပြည်သူတို့သည် အစိုးရအပေါ် နှလုံးသားနှင့်မခံစား၊ ဦးနှောက်နှင့်သာ ခံစားတတ်ကြသည်။ သူတို့ အကျိုးကို ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်းတို့ဖြင့် မစဉ်းစားကြပါ”ဆိုရလျှင် ပါတီတွေက မည်မျှပင် အပြောကောင်းကောင်း ပြည်သူတို့အနေဖြင့် မိမိတို့၏ နေ့စဉ်စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် ရုန်းကန်လှုပ်ရှားေ နရသော ဘဝကို ပြည့်စုံအောင်၊ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မည့် အစိုးရကိုသာလျှင် လိုလားကြပါသည်။ ပြည်သူ များ မျှော်မှန်းသည့်လိုလားချက်သည် ယခင်နှင့်ယခု၊ အုပ်ချုပ်သည့် အစိုးရကာလတစ်ခု နှင့်တစ်ခုကို နှိုင်းယှဉ် သုံးသပ် စဉ်းစားချင့်ချိန်ခြင်းအားဖြင့် ဘာလုပ်ရမည်ဆိုသည့်အဖြေ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း ဖော်ပြလိုက် ရပါသည်။ မောင်ကျော်ဟိုး(မဟာဝိဇ္ဇာ)