ပီရူးတွင် တောင်စောင်းပေါ်မှ ဘတ်စ်ကား ပြုတ်ကျမှုကြောင့် ၃၆ ဦးထက်မနည်း သေဆုံး

ပီရူးနိုင်ငံတွင် ဘတ်စ်ကားတစ်စီး တောင်စောင်းပေါ်မှ ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၃၆ ဦးမျှ သေဆုံးခဲ့ကြောင်း သိရသည်။

လီမာမြို့တော် မြောက်ဘက် ပါဆာမာယိုရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ကာဗာဒယ်လ် ဒီယာဘလို လမ်းကွေ့ နေရာတွင် ဘတ်စ်ကားက ချော်ထွက်သွားပြီး အမြင့်ပေ ၃၃၀ မျှထိ လိမ့်ကျသွားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုစကားလုံးသည် မကောင်းဆိုးရွား လမ်းကွေ့ဟု အဓိပ္ပါယ်ရပြီး ပီရူးမှ အပန်းဖြေ ကမ်းခြေတစ်ခုသို့ သွားရသည့် လမ်းပေါ်တွင် တည်ရှိသည်။

သေဆုံးသူ အရေအတွက်ကို ၃၆ ဦးထိ အတည်ပြုထားနိုင်ပြီး ၆ ဦး အသက်ရှင်ကြောင်း ကယ်ဆယ်ရေးများက ပြောကြားခဲ့သည်။ ပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၂ ရက်တွင် မတော်တဆမှု ကြုံခဲ့သည့် ဘတ်စ်ကားပေါ်၌ လူ ၅၀ ဝန်းကျင် လိုက်ပါလာကြောင်း ပြောကြားခဲ့သည်။

ပီရူးသမ္မတ ပက်ဒရို ပက်ဘလို ကူဇင်းစကီးက ယခုလို ထိခိုက်သေဆုံးမှု များပြားသည့် မတော်တဆမှုတစ်ခု ကြုံရခြင်းကြောင့် တစ်နိုင်ငံလုံး ထိခိုက် ကြေကွဲရကြောင်း ကြေညာခဲ့သည်။ ထို့အပြင် သေဆုံးသူများ၏ မိသားစု ဆွေမျိုးများနှင့်ထပ်တူ ပီရူးအစိုးရ အနေဖြင့် ဝမ်းနည်းပါကြောင်းလည်း ကူဇင်းစကီးက ဆိုသည်။

ပီရူး၏ ပို့ဆောင်ရေး ဝန်ကြီး ဒီနို အက်စ်ကူဒီယိုက မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းမှုများ စတင်နေပြီဟု ပြောကြားခဲ့သည်။ ဘတ်စ်ကားသည် အခြားယာဉ် တစ်စီးနှင့် တိုက်မိခဲ့သည့် လက္ခဏာမျိုး တွေ့ရပြီး ထို့ကြောင့်ပင် ဘတ်စ်ကား မောင်းသူမှာ ကားကို ထိန်းသိမ်းမှု လွတ်ထွက်ပြီး တောင်စောင်းမှ လိမ့်ကျသွားခြင်း ဖြစ်နိုင်ကြောင်းလည်း အက်စ်ကူဒီယိုက မှတ်ချက်ပေးခဲ့သည်။

ဘတ်စ်ကားသည် လီမာမြို့တော်မှ မိုင်ပေါင်း ၈၀ မျှအကွာရှိ ဟူအာချိုသို့ ဦးတည် မောင်းနှင်နေစဉ် မတော်တဆမှု ကြုံခဲ့ခြင်း ဖြစ်သည်။ ပီရူးတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ တစ်နှစ်လုံးတွင် ယာဉ်မတော်တဆမှု ၃၈၀၀ ကျော်အတွင်း လူပေါင်း ၅၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။ Ref: Guardian