အမေရိကန် လေယာဉ်တင် သင်္ဘောသုံးစီး စုရုံးနေမှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား ခြိမ်းခြောက်

ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းတွင် အမေရိကန် လေယာဉ်တင် သင်္ဘောကြီးသုံးစီး စုရုံးလာမှုသည် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေကို မြင့်တက်လာစေမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက် သတိပေးလိုက်သည်။

အမေရိကန်သည် ရှားရှားပါးပါးအခြေအနေ တစ်ရပ်အဖြစ် ရေတပ်၏ အကြီးမားဆုံး စစ်ရေယာဉ်ကြီးများနှင့် အခြံအရံ တိုက်သင်္ဘောအုပ်စုကို ဂျပန်ပင်လယ်နှင့် ကိုရီးယား ကျွန်းဆွယ် အနီးသို့ ပူးပေါင်း စေလွှတ်ခဲ့သည်။ ၎င်းတို့သည် တောင်ကိုရီးယား ရေတပ်နှင့် ပူးပေါင်းကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ရေပေါ် ခံတပ်ကြီးများဟု တင်စားခံရသည့် လေယာဉ်တင် သင်္ဘောကြီး သုံးစီးထိ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှု သည် ၁၀ နှစ်နီးပါး ကာလအတွင်း ပထမဆုံး ဖြစ်လာသည်။ USS Ronald Reagan၊ USS Theodore Rooseveltနှင့် USS Nimitzတို့သည် အခြံအရံ ဖျက်သင်္ဘောများနှင့်အတူ ပင်လယ်ပြင်တွင် လှုပ်ရှားလျက်ရှိ သည်။

မြောက်ကိုရီးယား၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဂျာဆောင်နမ်က အဆိုပါ လုပ်ရပ်သည် ဒေသတွင်း တင်းမာမှုကို ပိုမို မြင့်တက်လာစေလိမ့်မည်ဟု ကန့်ကွက်ခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ လိပ်မူသော ပေးစာတွင် ဂျာက “အမေရိကန် လေယာဉ်တင် သင်္ဘောတွေနဲ့ တောင်ကိုရီးယား ရေတပ်ဟာ ကိုရီးယားကျွန်းဆွယ် အနီးတဝိုက်မှာ အခြေအနေ ပိုဆိုးအောင် လုပ်နေတာသာ ဖြစ်ပါတယ်”ဟု ရေးသား ဖော်ပြထားသည်။

အမေရိကန်သည် လေယာဉ်တင် သင်္ဘောကြီး သုံးစီး စေလွှတ်ခဲ့သည့်အပြင် B-1B၊ B-52နှင့် B2 မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးများကိုလည်း ကိုရီးယားကျွန်းဆွယ်အနီး၌ အကြိမ်ကြိမ် ပျံသန်းစေခဲ့ကြောင်း၊ အဆိုပါ လုပ်ရပ်များသည် မြောက်ကိုရီးယားအပေါ် အကျပ်ကိုင် ခြိမ်းခြောက်လိုသည့် ရည်ရွယ်ချက်မျိုး ထင်ရှားပေါ်လွင်နေကြောင်း၊ ထိုအခြေအနေများကြောင့် မြောက်ကိုရီးယားသည် နောက်ဆုံး နည်းလမ်းမျိုး ထုတ်သုံးရန် မဖြစ်မနေ တွန်းအားပေးခံရသည့် သဘောမျိုး ယူဆလာနိုင်ကြောင်းလည်း ဂျာက သတိပေးထားသည်။ နောက်ဆုံး နည်းလမ်းဆိုသည်မှာ မြောက်ကိုရီးယားက နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များဖြင့် အမေရိကန်နှင့် တောင် ကိုရီးယားတို့ကို တိုက်ခိုက်မည်ဆိုသော တိုက်ရိုက်ဖော်ပြမှုမျိုးကို ရှောင်လွှဲထားသည်။ သို့သော် မြောက်ကိုရီးယား အစိုးရသည် အမေရိကန်ပိုင်နက်ကို နျူကလီးယားဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဟု ယခင်က အကြိမ်ကြိမ် ခြိမ်းခြောက်ထားပြီး ဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယား ရေတပ်များ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်သော စစ်ရေးလေ့ကျင့်မှုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် စတင်ပြီး လေးရက်တာကြာမြင့် မည်ဖြစ် သည်။ စစ်ရေးလေ့ကျင့်သည့်နေရာသည် တောင်ကိုရီးယားအရှေ့ဘက် ကမ်းလွန်တွင်ဖြစ်ပြီး မြောက်ကိုရီးယားအပေါ် ခြိမ်းခြောက်သတိပေးသည့် သဘောမျိုး ရှင်းလင်းစွာပေါ်လွင်နေ ကြောင်း ကိုရီးယားကျွန်းဆွယ်အရေး လေ့လာသူများက သုံးသပ် ပြောဆိုထားသည်။

Ref: Washington Post