နှစ်နာရီအတွင်း ဖုန်းအားအပြည့်သွင်းပေးနိုင်မယ့် Solar Paper

အမေရိကန်နိုင်ငံ ချီကာဂိုမြို့အခြေစိုက် Yolk ဟာ iPhone တွေကို နှစ်နာရီအတွင်း အားအပြည့်သွင်း ပေးနိုင်မယ့် Solar Paper ကို ဖန်တီးထားပါတယ်။ အဲဒီ Solar Paper ဟာ အလွန်ပါးလွှာပေါ့ပါးတဲ့ panel ဖြစ်ပြီး စွမ်းအင်ပမာဏကို မြှင့်တင်ရန်အတွက် panel တွေကို ပေါင်းစပ်ထားနိုင်ပါတယ်။ Solar Paper ကို Kickstarter မှာ ကန်ဒေါ်လာ တစ်သန်းကျော်ရအောင် ရန်ပုံငွေ စုဆောင်းနိုင်ခဲ့ပြီး အခုဆိုရင် တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချနေပါပြီ။

Solar Paper ကို 2.5W, 5W, 7.5W နဲ့ 10W စတဲ့ မော်ဒယ်လေးမျိုးနဲ့ ထုတ်လုပ်ထားပြီး ထုတ်ကုန်အမျိုးမျိုး အတွက်လိုအပ်တဲ့ output ပေါ်မူတည်ကာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 5 Watt charger တစ်ခုဟာ ၁၄၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ Solar Paper ရဲ့မော်ဒယ်တွေကို 2.5W panel တွေစုပေါင်းပြီး ဖန်တီးထား ပါတယ်။ ဥပမာဆိုရရင် 2.5W panel တစ်ခုက ငါးနာရီအတွင်း iPhone 6 ဒါမှမဟုတ် Galaxy S3 ကိုအားသွင်း ပေးနိုင်ပါတယ်။ 5W ဗားရှင်းကတော့ နှစ်နာရီအတွင်း iPhone တွေကို အားအပြည့်သွင်းပေးနိုင်သလို တိမ်ထူထပ်ရင် အားသွင်းတဲ့အခါ ၃ နာရီလောက် ကြာမြင့်နိုင်တယ်လို့ Mashable က ရေးသားခဲ့ပါတယ်။

7.5W မော်ဒယ် Solar Paper ဟာ 5W ဗားရှင်းလိုပဲ ထုတ်ကုန်အားသွင်းနိုင်တဲ့ အချိန်ပမာဏတူပေပမယ့် တိမ်ထူထပ်တဲ့ အချိန်မှာတောင် စွမ်းအင်များစွာ ထုတ်ပေးနိုင်ပါတယ်။ ဆိုလာ panel တစ်ခုဆီရဲ့ ထောင့်တွေ မှာ အပေါက်တွေ ပါဝင်တဲ့အတွက် လွယ်အိတ်မှာ ချိတ်ထားနိုင်ပါတယ်။ iPad Air 2 လို tablet တွေအတွက် 10W ဗားရှင်းကိုလည်း ရရှိနိုင်ပြီး ၄ နာရီခွဲအတွင်း ထုတ်ကုန်ကို အားသွင်းနိုင်ပါတယ်။

အဲဒီ panel တွေကို သံလိုက်နဲ့ ချိတ်ဆက်အသုံးပြုရပြီး ခေါက်ထားနိုင်ပါတယ်။ ဆိုလာ panel တွေရဲ့ အလေးချိန်က ၆၀ ဂရမ်ရှိပြီး အထူ ၁.၅ မီလီမီတာ ရှိပါတယ်။ အခြား feature တွေအပြင် ထူးခြားတဲ့ auto reset function ပါဝင်ပြီး နေရောင်ထွက်လာတာ ဒါမှမဟုတ် အရိပ်ဖြစ်ပေါ်သွားတာနဲ့ Paper အားသွင်းတာကို စတင်ပေးသလို ရပ်တန့်ပေးနိုင်ပါတယ်။ Solar Paper မှာ စွမ်းအင်သုံးစွဲမှု နည်းပါးတဲ့ LCD မျက်နှာပြင် တစ်ခုပါဝင်ပြီး အချိန်နဲ့အမျှ ထုတ်လုပ်ပေးတဲ့ စွမ်းအင်ကို ဖော်ပြပေးနိုင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: DailyMail