နိုင်ငံတော်စီမံကိန်းများအတွက် မြေသိမ်းရန်လိုလျှင် တရားမျှတစွာ ဆောင်ရွက်နိုင်ရန် မြေသိမ်းဥပဒေကို အမျိုးသားလွှတ်တော်သို့တင်သွင်း

နိုင်ငံတော်၏စီး ပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်စီမံကိန်းများတွင် မြေသိမ်းရန်လိုအပ်ပါက တရားမျှတစွာ သိမ်းဆည်းနိုင်ရေး အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီက ၂၀၁၇ မြေသိမ်း ဥပဒေကို အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

‘‘အခုကာလမှာ နိုင်ငံသား ပြည်သူတို့ပိုင်ဆိုင်တဲ့ မြေသယံဇာ တတွေကို တစ်ဌာန၊ တစ်ဖွဲ့၊ တစ်ဦးတည်းရဲ့ အကျိုးအတွက် အလွယ်တကူလက်လွတ်ဆုံးရှုံးစေမှုများ မဖြစ်စေသင့်ပါသဖြင့် နိုင်ငံတော်နဲ့ ပြည်သူ့ အကျိုးစီးပွားအတွက်၊ အထောက်အကူ ဖြစ်မည့် လုပ်ငန်းများအတွက်၊ မျှတသောအစီအမံများ ပါဝင်တဲ့အတွက် ယခုအဆိုပြုတင်သွင်းသော မြေသိမ်းဥပဒေတစ်ရပ် ပြဋ္ဌာန်းရန်လိုအပ်လာပါပြီ’’ဟု တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းက အဆိုတင်သွင်းရာတွင် ပြောသည်။  ၂၀၁၇ မြေသိမ်းဥပဒေကြမ်းတွင် မြေသိမ်းခံရသူများပြန် လည်ထူထောင်ရေး၊ နစ်နာဆုံးရှုံးမှုများအတွက် လျော်ကြေးငွေပေးအပ်နိုင်ရေး စသည်တို့ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းကပြောသည်။

‘‘ဒီဥပဒေမှာ မြေသိမ်းထားတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အများပြည်သူတွေရဲ့ လူမှုဘဝစီးပွားရေးထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိ၊ မရှိ လေ့လာဆန်းစစ်ဖို့ အကြံပြုထားပါတယ်။ မြေသိမ်းခံရမှုကြောင့် နစ်နာဆုံးရှုံးတဲ့သူတွေ၊ မြေယာပိုင်ဆိုင်တဲ့သူတွေအတွက်ကို နေရာပြန်လည်နေရာချထားရေး၊ သူတို့ရဲ့ဆုံးရှုံး ခဲ့တဲ့ လူမှုဘဝ ပြန်လည်ထူထောင်ရေး တွေကိုပါ ထည့်သွင်းထားပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၇ မြေသိမ်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူသဖြင့် ဥပဒေကြမ်းကော်မတီက ဆက်လက်ဆောင်ရွက်ရန် အဆိုပါဥပဒေကို လွှဲပြောင်းပေးအပ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။