၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ အထူးဦးစားပေးဆွေးနွေးရန် UPDJC ဆုံးဖြတ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍကို အထူး ဦးစားပေး ဆွေးနွေးရန် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ ၃၀ ရက်တွင်နေပြည်တော်၌ ကျင်းပခဲ့သည့် UPDJC အစည်းအဝေးပထမနေ့ တွင် ယခုကဲ့သို့ သဘောတူညီချက် ရခဲ့သည်။

UPDJC ကို အစိုးရ၊ နိုင်ငံရေးပါတီနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌ သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ အရေးပါသည့် နိုင်ငံရေးညှိနှိုင်းဆုံးဖြတ်ချက်များကို UPDJC တွင် ချမှတ်လေ့ရှိပြီး ယင်းအစည်းအဝေး မကျင်းပသည်မှာ ငါးလခန့် ကြာပြီဖြစ်သည်။ ‘‘ဒီနေ့ ဆွေးနွေးလို့ပြီးပြတ်တာက လာမယ့်တတိယပင်လုံမှာ ဆွေးနွေးမယ့်အကြောင်းအရာ၊ အကြောင်းအရာသစ်ခေါင်းစဉ် ထပ်မချဘူး။ နဂိုဒုတိယပင်လုံ တုန်းက ဆွေးနွေးခဲ့တုန်းက ခေါင်းစဉ်တွေ အကြောင်းအရာတွေကိုပဲ ဆွေးနွေးမယ်။ ဒါပေမဲ့လို့ ပြန်ဆွေး နွေးတဲ့အခါ အထူးဦးစားပေးပြီး ဆွေးနွေးမယ်။ ဒါအဓိက အချက်ပါ’’ဟု UPDJC တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် ခွန်မြင့်ထွန်းက ပြောသည်။

၂၁ ရာစုပင်လုံဒုတိယအ စည်းအဝေးကို ပြီးခဲ့သည့် မေလက ကျင်းပရာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစသည့်ကဏ္ဍ ငါးရပ်လုံးကို ဆွေးနွေးခဲ့ပြီး လုံခြုံရေး ကဏ္ဍမှအပ ကျန်သည့်ကဏ္ဍများရှိ အချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၁)အဖြစ် သတ်မှတ်နိုင်ခဲ့သည်။

‘‘ဖက်ဒရယ်စနစ်အရဆိုရင် နိုင်ငံရေးကဏ္ဍမှာ ဆုံးဖြတ်ချက်ကျပြီးမှပဲ အချို့ကဏ္ဍတွေက ပိုပြီးတော့မှ ဆွေးနွေးရတာ လွယ် တယ်။ ဥပမာမြေယာကဏ္ဍကိစ္စလိုမျိုးဆိုရင် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအပေါ် အခြေခံပြီးတော့မှ မြေယာကိစ္စမူဝါဒကလည်း ပိုပြီး အဆင်ပြေမယ်။ ထိုနည်းတူပဲ သယံဇာတကိစ္စတွေလည်း ဒီလိုပဲ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ရပြီးမှ ဆွေးနွေးတာ ပိုအဆင်ပြေမှာ ’’ဟု ပအိုဝ်းအဖွဲ့(PNLO) ဥက္ကဋ္ဌလည်း ဖြစ်သူ ခွန်မြင့်ထွန်းကပြောသည်။

ချင်းအမျိုးသား တပ်ဦး (CNF) ဒုဥက္ကဋ္ဌဒေါက်တာဆလိုင်း လျန်မှုန်းကလည်း ‘‘နိုင်ငံရေးကဏ္ဍ ပြေလည်မှပဲ ကျန်တဲ့ဟာ ပြေလည်လို့ရတာ။ ဥပမာ စီးပွား ရေးကဏ္ဍတို့ဆိုတာ ဖက်ဒရယ်မူ ၀ါဒကျမှပဲ ဘယ်ပါဝါကို ပြည် နယ်ပေးမလဲ၊ ဘယ်ပါဝါကို ပြည် ထောင်စုပေးမလဲဆိုတာကို ဆွေးနွေးလို့ရတာ’’ဟု ပြောသည်။ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ပြည်ထောင်စုစာချုပ် အစိတ်အပိုင်း(၁)ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် ကိစ္စနှင့်ပတ်သက်ပြီး UPDJC အစည်းအဝေး ပထမနေ့တွင် ဆွေးနွေးသော်လည်း  မပြီးပြတ်သေး၍ အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ကျင်းပမည့် ဒုတိယနေ့တွင် ဆွေးနွေးဆုံးဖြတ်မည်ဟု နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ် ဦးမင်းကျော်ဇေယျာဦးက ပြောသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှ စတင်၍ လာမည့် ၂၀၁၈ အတွင်း နိုင်ငံရေးကဏ္ဍရှိ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ များကို အပြီးပြတ်သဘောတူညီချက်ရရှိရေးဆွေးနွေးရန် UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။ အစိုးရသစ်လက်ထက်တွင် သုံးကြိမ်မြောက်ပြုလုပ်မည့် ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ တတိယအစည်းအဝေး) ကို ယခု နှစ်ဒီဇင်ဘာတွင် ကျင်းပရန်လျာထားသည်။

ထို့အပြင် ရှမ်းနှင့်ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲကျင်းပနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ဒေသအခြေအနေအရ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပခွင့်ကို အစိုးရနှင့် တပ်မတော်က လုံခြုံရေး အကြောင်းပြပြီး မကျင်းပရန် မေတ္တာရပ်ခံခဲ့ကြောင်းနှင့် ရှမ်းလူမျိုးအလိုက် ဆွေးနွေးပွဲမှာမူ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) က တောင်ကြီးမြို့တွင် ကျင်းပရန် အဆိုပြုသည့်အပေါ် တပ်မတော်က မိုင်းပန်၌ ကျင်းပရန် ပြန်လည် ဆွေးနွေး၍ ကျင်းပမည့်နေရာညှိ မရဖြစ်နေကြောင်း UPDJC ကိုယ် စားလှယ်များက ပြောသည်။

7day daily