မော်လ်တာအစိုးရကို ဝေဖန်နေသည့် နာမည်ကျော် Bloggerတစ်ဦး ကားဗုံးခွဲ လုပ်ကြံခံရ

မော်လ်တာ အစိုးရကို အတိုက်အခံပြု ဝေဖန်နေသည့် နာမည်ကျော် Blogger တစ်ဦးမှာ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားကြောင်း သိရသည်။

အသက် ၅၃ နှစ်ရှိ ဒက်ဖ်နီ ကာရူအာနာ ဂါလီဇီယာသည် မော်လ်တာ အစိုးရ အဖွဲ့အတွင်း အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဖော်ထုတ် ရေးသားမှုများကြောင့် လူသိများသူ တစ်ဦး ဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်ကမူ သူမသည် ဘစ်ဒ်နီဂျာရှိ သူမ၏ နေအိမ်မှ ကားဖြင့် အထွက်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးသွားခဲ့သည်။

ပေါက်ကွဲသံကြောင့် သူမ၏ သားတစ်ဦးက အပြင်သို့ ပြေးထွက်ပြီး ကြည့်ချိန်တွင် ကြေကွဲစရာ အဖြစ်ဆိုးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

ကာရူအာနာ ဂါလီဇီယာ၏ ဝေဖန်စွပ်စွဲမှုများ ကြုံခဲ့ဖူးသည့် မော်လ်တာ ဝန်ကြီးချုပ် ဂျိုးဆက် မတ်စ်ကတ်က ယခု လုပ်ကြံမှုကို ရှုတ်ချကြောင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “လူတစ်ယောက်ကို အခုလို ရိုင်းစိုင်းကြမ်းကြုတ်စွာ လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စအပေါ် ကျွန်တော့် အနေနဲ့ ခြွင်းချက်မရှိ ရှုတ်ချပါတယ်။ မစ္စ ကာရူအာနာ ဂါလီဇီယာဟာ ကျွန်တော့်အပေါ် နိုင်ငံရေး အရရော၊ ပုဂ္ဂိုလ်ရေး အရပါ ပြင်းပြင်းထန်ထန် ဝေဖန် စွပ်စွဲမှုတွေ ပြုလုပ်ခဲ့တာ အားလုံးအသိပါ။ သူ့ဒဏ်ကို ကျွန်တော့်လိုပဲ တခြားသူတွေလည်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ တရားဥပဒေမဲ့ တန်ပြန်တဲ့ ဘယ်လို လုပ်ရပ်ကိုမှ လက်မခံနိုင်ပါဘူး။ သူ့အတွက် တရားမျှတမှု မဖော်ထုတ်နိုင်မချင်း ကျွန်တော် ကျေနပ်မှာ မဟုတ်ဘူး”ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ကာရူအာနာ ဂါလီဇီယာက သူမသည် ခြိမ်းခြောက်မှုများ ကြုံနေရကြောင်း လွန်ခဲ့သည့် နှစ်ပတ်ခန့်က မော်လ်တာ ရဲတပ်ဖွဲ့ထံ အသိပေးတိုင်ကြားခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ သို့သော် အသေးစိတ် အချက်အလက် များကိုမူ တိတိကျကျ မသိရသေးချေ။

သူမသေဆုံးသည့် သတင်းကို ကြားသိပြီးနောက် သူမကို လေးစားချစ်ခင်သူများက ဆီလိုင်မာမြို့တွင် လာရောက် စုရုံးပြီး ဝမ်းနည်းကြေကွဲကြောင်း ပြသခဲ့ကြသည်။ ရဲတပ်ဖွဲ့က ယခုဖြစ်စဉ်ကို လူသတ်မှုအဖြစ် အမှုဖွင့် စုံစမ်းနေကြောင်း ထုတ်ပြန်သည်။

ဒေသခံ သတင်းများ၏ ဖော်ပြချက်အရ သူမ ငှားရမ်းထားသည့်ကားသည် ပေါက်ကွဲမှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားသလို လမ်းပေါ်မှ ချော်ထွက်ကာ လမ်းဘေးကွင်းပြင် တစ်ခုထဲ ရောက်သွားခဲ့ကြောင်း သိရသည်။

မတ်စ်ကတ်နှင့် ဇနီးဖြစ်သူတို့သည် နာမည်ကျော် ပနားမား စာရွက်စာတမ်း အရှုပ်တော်ပုံတွင် ပါဝင်နေကြောင်း ကာရူအာနာ ဂါလီဇီယာက စွပ်စွဲခဲ့သည့်နောက် ဝန်ကြီးချုပ်က ရွေးကောက်ပွဲများ အချိန်စော ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲတွင် မတ်စ်ကတ် ပြန်လည် အနိုင်ရပြီး လေးလမျှ အကြာတွင် ကာရူအာနာ ဂါလီဇီယာကို လုပ်ကြံမှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Ref: BBC