ခေတ်မီ ရေငုပ်သင်္ဘော အသစ်နှစ်စီး ဝယ်ယူမည်ဟု စင်ကာပူရေတပ် အတည်ပြု

ခေတ်မီ ရေငုပ်သင်္ဘောအသစ် နှစ်စီးကို အားဖြည့် ဝယ်ယူသွားမည်ဟု စင်ကာပူရေတပ်က အတည်ပြု လိုက်သည်။

 

ဂျာမနီနိုင်ငံရှိ ThyssenKrupp Marine Systemsက ထုတ်လုပ်တည်ဆောက်သည့် Type-218SG အမျိုးအစား ရေငုပ်သင်္ဘော နှစ်စီးသည် စင်ကာပူ ရေတပ်တွင် ၂၀၂၄ ခုနှစ်၌ စတင်၍ တာဝန်ထမ်းဆောင်နိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး နောင်အန်းဟန်းက မေ ၁၆ ရက်တွင် ပြုလုပ်သည့် နိုင်ငံတကာ ရေကြောင်းကာကွယ်ရေး ပြပွဲနှင့် ညီလာခံတွင် ကြေညာခဲ့သည်။

အဆိုပါ ရေငုပ်သင်္ဘောအသစ်များသည် ၂၀၁၃ ကတည်းက စင်ကာပူရေတပ်တွင် ရှိနေခဲ့သည့် အမျိုးအစားတူ ရေငုပ်သင်္ဘောများနှင့် ပူးပေါင်းလာမည် ဖြစ်သည်။ ဂျာမန်ကုမ္ပဏီက ၂၀၂၁ နှင့် ၂၀၂၂ တို့တွင် ရေငုပ်သင်္ဘော တစ်စီးစီကို ပေးပို့မည်ဖြစ်ပြီး လေ့ကျင့်မှုများ ဆောင်ရွက်ပြီးနောက် ၂၀၂၄ တွင် ရေတပ်၌ အမှုထမ်းရန် အသင့် ရှိလာမည်ဟု သိရသည်။

စင်ကာပူ ရေတပ်တွင် ရှိနေသည့် အခြား သက်တမ်းရင့် ရေငုပ်သင်္ဘောများကိုမူ အဆိုပါ သင်္ဘောအသစ်များ ရောက်ရှိလာချိန်တွင် အနားပေး ဖျက်သိမ်းသွားမည်ဟု ယုံကြည်ရသည်။ ဂျာမန်ကုမ္ပဏီသည် ရေငုပ်သင်္ဘော များ ရောင်းချမှုအပြင် လိုအပ်သော Logistic Packageတစ်ခု ထောက်ပံ့ပေးရန်နှင့် လေ့ကျင့်သင်ကြားမှု အစီအစဉ်များ ပြုလုပ်ပေးရန်ပါ သဘောတူထားသည်။

လက်ရှိ အနေအထားအရ စင်ကာပူ ရေတပ်တွင် ဖရီးဂိတ်သင်္ဘော ၆ စီး၊ ရေငုပ်သင်္ဘော ၆ စီး၊ ကင်းလှည့် ရေယာဉ် ၁၁ စီးနှင့် သယ်ယူပို့ဆောင်ရေး ရေယာဉ်များ၊ မိုင်းရှာ ရေယာဉ်များ၊ မောင်းသူမဲ့ ရေယာဉ်ငယ်များပါ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

Ref: CNA