ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ ရခိုင်အရေးဆွေးနွေး

ရခိုင်ပြည်နယ်အရေးအပေါ် နိုင်ငံတကာ၏ စွပ်စွဲ ပြောကြားနေမှုများနှင့် ပတ်သက် ၍ အစိုးရ၊ တပ်မတော်တို့နှင့် တစ်သားတည်းရပ်တည်သည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့က သဘောထား ဖော်ပြခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သ တင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးရှစ်ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့သည် အောက်တိုဘာ ၁၆ ရက် ညနေက တစ်နာရီကြာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ရခိုင် ပြည်နယ်အရေးကိစ္စများ ဆွေးနွေးခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်များ၏ သဘောထားကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက တင်ပြခဲ့ရာ ရခိုင်ဖြစ်စဉ်နှင့်ပတ် သက်ပြီး ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်အစိုးရက ကြေညာသည့်အပေါ် ထောက်ခံကြောင်းပြောဆို သည်။

ယင်းအဖွဲ့အနေဖြင့် ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်းစုတွင်ပါဝင်ရန် အဆိုပြု ကြိုးပမ်းမှုများရှိသော်လည်း တိုင်းရင်းသားလူမျိုးမဟုတ်ဟု ပယ်ချခဲ့ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ရှင်းပြ သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရခိုင်ပြည်နယ်အရေးကိစ္စ နှင့် ပတ်သက်၍ ထောက်ခံမှု၊ ၀န်းရံမှုများ ပေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း တွေ့ဆုံပွဲတွင် ပြန်လည် ပြောကြား ခဲ့သည်။

ယနေ့ကမ္ဘာကြီးတွင် အင်အားချိန်ခွင်လျှာများ ပြောင်းလဲနေကြောင်း၊ နိုင်ငံစည်းလုံးမှုမရှိလျှင် အနိုင်ကျင့်ခြင်း၊ ဖိအားပေးခြင်းများ ခံရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် များကို ပြောကြားသည်။ NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် ပြည်ထောင်စု အတွက်ဟူသော ခံယူချက်ဖြင့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် တတ်အားသရွေ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလို ကြောင်းလည်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA) အကောင်အထည် ဖော်မှု ပြန်လည်သုံးသပ်ခြင်း ပူးတွဲဆောင်ရွက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်။