ငြိမ်းချမ်းရေးပထမဆုံးခြေလှမ်းအဖြစ် လက်မှတ် မရေးထိုးရသေးသောအဖွဲ့များ NCA ရေးထိုးရန် လိုအပ်ဟု တပ်ချုပ်ပြော

တစ်နိုင်ငံလုံးအ ပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးခြင်း မရှိသေးသည့်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးအတွက် ပထမဆုံးခြေလှမ်းစတင်ပြီး NCA ကို လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် NCA လက်မှတ်ထိုး ရှစ်ဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့သည် အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက နေပြည်တော် ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

NCA လမ်းကြောင်းသည် ငြိမ်းချမ်းရေးအတွက် အဓိကလုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးကို ဦးတည် လုပ်ဆောင် ခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားလုံးပါဝင်လာရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ကို အမှန်တကယ် လိုလားမှုရှိရန်လိုကြောင်း၊ လက်မှတ်ရေးထိုးခြင်း မပြုသည့်အဖွဲ့များကို ငြိမ်းချမ်းရေး အတွက် ပထမဆုံးခြေလှမ်းစတင်ပြီး NCA ကို လက်မှတ်ရေးထိုးရန်လိုသည် ဟု NCA (၂) နှစ်ပြည့် အခမ်းအနားတွင်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းတွေ့ဆုံပွဲ တွင် ပြောကြားသည်။

တွေ့ဆုံပွဲတွင် NCA ၌ အဓိကအားဖြင့် ပေးထားသည့် ကတိက၀တ်များတည်ရန်လိုကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားသည့် အာမခံချက်များ၊ NCA တွင်ပါရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းထားသော အာမခံချက်များကို မိမိတို့ဘက်က မည်သည့်အခါမျှ ချိုးဖောက်မည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် NCA မှလွဲ၍ အခြား လမ်းကြောင်းမရှိဟု ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ထို့အပြင် တွေ့ဆုံပွဲတွင် NCA အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ရန်လည်း လက်မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များက ဆွေးနွေးခဲ့ သည်။ တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး မေးမြန်းရန် NCA လက်မှတ်ထိုး ရှစ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ် ရာ အဆက်အသွယ်မရပေ။