ကုလနိုင်ငံရေးရာ ဌာနအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ကို သီးခြားစီတွေ့ဆုံ

ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲ ဒုတိယအတွင်း ရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲ့လ် မန် ဦးဆောင်သော အဖွဲ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို အောက်တိုဘာ ၁၆ ရက်က သီးခြားစီ သွားရောက်တွေ့ဆုံခဲ့သည်။

မစ္စတာ ဂျက်ဖရီဖဲ့လ်ဦးဆောင်သော အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်နံနက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ သွားရောက်တွေ့ဆုံပြီး မွန်းလွဲပိုင်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ သွားရောက်တွေ့ဆုံခဲ့ သည်။ ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပိုမိုပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများရှာဖွေရန်နှင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် အကူအညီပေးရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင် တ ရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းကိုလည်း လက်ခံတွေ့ဆုံပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့သည်။  ရခိုင်ပြည်နယ် အရေးပေါ် နိုင်ငံတကာအမြင်နှင့် မြန်မာနိုင်ငံက လက်တွေ့ လုပ်ဆောင်နေမှု များသည် ၁၈၀ ဒီဂရီကွာဟနေ ကြောင်းနှင့် ၎င်း၏ခရီးစဉ်ရည် ရွယ်ချက်သည် ယင်းအချက်ကို ငြင်းခုံရန်မဟုတ်ဘဲ မြန်မာအစိုးရ ဆောင်ရွက်ချက်များကို ကုလသမဂ္ဂအနေဖြင့် အရှိန်အဟုန်မြှင့်တင် ပေးရန် ဖြစ်ကြောင်း မစ္စတာဂျက်ဖရီဖဲ့လ်မန်က  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ် ပြောသည်။

ကုလသမဂ္ဂအနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် မျှတမှုရှိရန်လိုကြောင်း  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည် ပြောကြားသည်။  မစ္စတာဂျက်ဖရီဖဲ့လ်မန် နှင့် အဖွဲ့သည် အောက်တိုဘာ ၁၆ ရက်တွင် နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးသိန်းဆွေတို့ ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သည်။