စင်ကာပူနိုင်ငံရဲ့ သေဒဏ်အမိန့်ပြင်ဆင်မှု ဝေဖန်ခံရ

စင်ကာပူနိုင်ငံက သေဒဏ်မိန့်ချမှတ်တဲ့စနစ်ကို ပြင်လိုက်တယ်ဆိုပေမဲ့ ခြောက်ပစ်ကင်း သဲလည်းစင်မဟုတ်ဘဲ အသေးစားမူးယစ်ဆေးဝါးမှု ကျူးလွန်သူတချို့ကို သက်ညှာခွင့်မပေးဘဲ ကြိုးတိုက်တွေကို ပို့နေတယ်လို့ AI- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက နှစ်ပေါင်းများစွာ ဝေဖန်လာပြီးတဲ့နောက် မူးယစ်ဆေးမှောင်ခိုမှုတချို့နဲ့ လူသတ်မှု တွေကို သေဒဏ်မပေးမနေရ သတ်မှတ်ထားတဲ့ စံကို စင်ကာပူနိုင်ငံက ၂၀၁၃ မှာ လျှော့ပေါ့ပြင်ဆင် လိုက်ပါတယ်။ ဒီအတွက် တချို့အမှုတွေမှာ တရားသူကြီးတွေက သေဒဏ်အစား တသက်တကျွန်းကျခံမိန့် ချမှတ်နိုင်ခွင့် ရှိသွားပါတယ်။

ဒါကြောင့် ကြိုးတိုက်ကို ပို့လိုက်သူဦးရေ ကျဆင်းသွားတယ်လို့ AI က တဘက်မှာပြောပေမဲ့ သက်ညှာခွင့် ပေးနိုင်ပေမဲ့ တရားရုံးတွေဟာ သေဒဏ်အမိန့်ချမှတ်နေတုန်းပဲလို့ ထောက်ပြပါတယ်။

သေဒဏ်ပေးတာတွေ ပြုပြင်ပြောင်းလဲလိုက်ပြီးတဲ့နောက် မူးယစ်ဆေးဝါး သယ်ဆောင်သူတွေဟာ အမှု စစ်ဆေးနေတုန်း မည်မည်ရရပူးပေါင်းဆောင်ရွက်ရင် အဲဒီလူတွေကို တရားသူကြီးတွေက တသက်တကျွန်း ချမှတ်နိုင်ပါတယ်။
ဒီလို သေဒဏ်ပေးတဲ့ စနစ်လျှော့ပေါ့လိုက်ပေမဲ့ စင်ကာပူနိုင်ငံဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း လူသတ်မှုနဲ့ လူ ၁၇ ယောက် နဲ့ မူးယစ်ဆေးဝါးမှုနဲ့ လူ ၁၀ ယောက်ကို ကြိုးမိန့်ပေးခဲ့တယ်လို့ AI က ပြောပါတယ်။

RFA Burmese