ကတ်တာလိုးနီးယား လွတ်လပ်ရေးကြေညာမည့်ကိစ္စ စပိန်ဝန်ကြီးချုပ် အရေးပေါ်အစည်းအဝေး ခေါ်ယူ

စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်း (Mariano Rajoy) ဟာ ကတ်တာလိုးနီးယားကို လွတ်လပ်ရေး ကြေညာဖို့ ကြိုးပမ်းနေတာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၁ ရက်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အောက်တိုဘာ ၁၀ ရက် ညက  ကတ်တလန်ခေါင်းဆောင် ပူအီဒမုန်းဟာ စပိန်နိုင်ငံကနေ လွတ်လပ်ရေး ရကြောင်း ကြေညာခဲ့ပြီးနောက် ချက်ချင်းဆိုသလို စပိန်အစိုးရနဲ့ ဆွေးနွေးခွင့်ပြုဖို့အတွက် ကြေညာချက်ကို ခေတ္တ ဆိုင်းငံ့လိုက်ပါတယ်။

ဒါပေမယ့် စပိန်အစိုးရဟာ ပူအီဒမုန်းရဲ့မိန့်ခွန်းကို ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ကတ်တလန်အစိုးရအနေနဲ့ ဆန္ဒခံယူပွဲ ရလဒ်အတိုင်း လုပ်ဆောင်လို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

အခု ကတ်တာလိုးနီးယား အရေးကိစ္စဟာ အန္တရာယ်ကြီးမားပြီး စပိန်နိုင်ငံအနေနဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ ယဉ်ကျေးမှုရှိတဲ့ ကတ်တာလိုးနားယားဒေသကို ဆုံးရှုံးခဲ့ပါက နိုင်ငံရဲ့ စီးပွားရေးထွက်ကုန် ၅ ပုံ ၁ ပုံနဲ့ ပြည်ပပို့ကုန် ၄ ပုံ ၁ ပုံကျော်ကို ဆုံးရှုံးမှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

(DVB)