ခြင်ပြေးစေမယ့် စမတ်ဖုန်းသစ်တစ်မျိုးကို LG မိတ်ဆက်

LG က ခြင်အန္တရာယ်ကာကွယ်ပေးမယ့် နည်းပညာပါဝင်တဲ့ K7i အမည်ရစမတ်ဖုန်းကို India Mobile Congress မှာ မိတ်ဆက်ခဲ့ပါတယ်။ LG K7i ဖုန်းရဲ့ကျောဘက်က mesh grid ကနေ နှုန်းလွန်အသံလှိုင်း (ultrasonic) ကိုထုတ်လွှင့်ပြီး ခြင်အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီလှိုင်းတွေက ပိုးမွှားအမျိုးမျိုးကို ကာကွယ်ပြီး လူတွေအပေါ် ဘေးဥပါဒ်မဖြစ်စေဘူးလို့ LG က ထုတ်ြပန်ခဲ့ပါတယ်။

အခြား LG ထုတ်ကုန်တွေဖြစ်တဲ့ အဲကွန်းနဲ့ တီဗီတွေမှာလည်း ခြင်ပြေးစေတဲ့ နည်းပညာတွေကို ထည့်သွင်းထားပါတယ်။ စမတ်ဖုန်းမှာတော့ ခြင်ပြေးစေတဲ့နည်းပညာကို အခုမှ ပထမဆုံးအသုံးပြုတာ ဖြစ်ပါတယ်။ K7i Android ဖုန်းရဲ့တန်ဖိုးက ရူပီး ၇,၉၉၀ (၁၂၂ ဒေါ်လာ) ဖြစ်ပြီး အခြားနိုင်ငံတွေမှာလည်း တင်ပို့ရောင်းချ သွားမယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ခြင်ကနေတစ်ဆင့်ကူးစက်တဲ့ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေပြီး နှစ်စဉ်ရောဂါ ကူးစက်ခံရသူ ထောင်ပေါင်းများစွာ ရှိကာ သေဆုံးသူ ရာပေါင်းများစွာရှိတယ်လို့ အိန္ဒိယအစိုးရက
ထုတ်ပြန်ခဲ့ပါတယ်။ “ကုမ္ပဏီအနေနဲ့ အိန္ဒိယနိုင်ငံအတွင်းက စမတ်ဖုန်းသုံးစွဲသူတွေအတွက် ကျန်းမာရေး အတွက် စိတ်ချစေမယ့် စံတစ်ခုကို သတ်မှတ်ပေးခဲ့ပါတယ်” လို့ LG ဈေးကွက်ရှာဖွေရေးအကြီးအကဲအရာရှိ အာမစ်ဂူရယ်က CNNMoney ထံ ပြောခဲ့ပါတယ်။

K7i စမတ်ဖုန်းဟာ ဆေးပညာဆိုင်ရာစမ်းသပ်မှုအတွင်း ခြင်ကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေကို ကာကွယ်တဲ့ နေရာမှာ ၇၂ ရာခိုင်နှုန်း အောင်မြင်မှုရရှိခဲ့တယ်လို့ LG ကပြောကြားခဲ့ပါတယ်။

စိုးထက်