၂၀၁၈ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်တော့မှာ မဟုတ်

၂၀၁၈ ခုနှစ်တွင် ကျင်းပမယ့် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲမှ စတင်ကာ အိမ်ရှင်နိုင်ငံ ရွေးချယ်သတ်မှတ် ကျင်းပစေတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ ၁၂ ကြိမ် မြောက် အာဆီယံဘောလုံးအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးမှာ အတည်ပြု ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

၁၂ ကြိမ်မြောက် အာဆီယံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး

ယခင်က ဆူဇူကီးဖလားပြိုင်ပွဲတွေကို အိမ်ရှင်နိုင်ငံ နှစ်နိုင်ငံစီ ရွေးချယ်ပြီး တစ်နိုင်ငံလျှင် အုပ်စု တစ်စုစီ လက်ခံကျင်းပစေတဲ့ စနစ်ကို ကျင့်သုံးခဲ့ရာမှ လာမယ့် ၂၀၁၈ ခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲမှ စတင်ကာ အိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ်တော့မှာ မဟုတ်ပဲ အိမ်ကွင်း(၂)ပွဲ အဝေးကွင်း (၂)ပွဲကစားစေမယ့် ပုံစံမျိုးကို ကျင့်သုံးသွားမှာလည်း ဖြစ်ပါတယ်။

အိမ်ကွင်း၊အဝေးကွင်းစနစ်ကျင့်သုံးမယ့် ပုံစံမှာ တစ်သင်းလျှင် နှစ်ကျော့ကစားစေမှာ မဟုတ်ပဲ တစ်အုပ်စုလျှင် ၅သင်းပါဝင်မှာ ဖြစ်တာကြောင့် တစ်သင်းလျှင် အုပ်စုတွင်း ပွဲ (၄)ပွဲပဲ ကစားရမှာ ဖြစ်ပါတယ်။  အဆိုပါ ၄ ပွဲထဲမှ ၂ ပွဲကို အိမ်ကွင်းကစားရမှာ ဖြစ်ပြီး ကျန် ၂ ပွဲကိုတော့ အဝေးကွင်းလိုက်ကစားရမှာလည်း ဖြစ်ပါတယ်။

မူလက အုပ်စု တစ်စုလျှင် အသင်း ၄ သင်းသာပါဝင်ပြီး အုပ်စု နှစ်စုခွဲကာ အမှတ်အများဆုံး ၂ သင်းက ဆီမီးဖိုင်နယ်တက်လှမ်းစေတဲ့စနစ်ကို ကျင့်သုံခဲ့ရာမှ လာမယ့် ၂၀၁၈ မှာတော့ တစ်အုပ်စုလျှင်၅ သင်းပါဝင် လာမှာ ဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံ ရှိတာကြောင့် မနှစ်က ဆူဇူကီးရလဒ်ကို ကြည့်ပြီး အဆင့် သတ်မှတ်ချက် အောက်ဆုံး ၂ သင်းက play – off ကစားကာ အနိုင်ရတဲ့အသင်းက နောက်ဆုံးအဆင့်ကို ၀င်ပြိုင်ခွင့် ရစေမှာလည်း ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်အရ တီမောနဲ့ ဘရူနိုင်းတို့ ခြေစစ်ပွဲကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ကျန် ၉ သင်းနဲ့ ပေါင်းကာ နောက်ဆုံးအဆင့် ဆူဇူကီး အုပ်စုပွဲတွေကို ကစားရမှာ ဖြစ်ပါတယ်။ အုပ်စု ပွဲစဉ်တွေကိုတော့ လာမယ့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 (Duwun)