Fitbit Ionic စမတ်နာရီကို အောက်တိုဘာ ၁ ရက်တွင် ဒေါ်လာ ၃၀၀ ဖြင့် ရောင်းချမည်

သြဂုတ်လကုန်ပိုင်းက မိတ်ဆက်ပြသခဲ့တဲ့ Fitbit ရဲ့ ပထမဆုံး စမတ်နာရီကို အောက်တိုဘာ ၁ ရက်မှာ စတင်ရောင်းချသွားမယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

Fitbit Ionic ကို မြောက်အမေရိက၊ အာရှ ပစိဖိတ်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ လက်တင်အမေရိကတို့မှာရှိတဲ့ အထင်ကရ လက်လီ အရောင်းဆိုင် တွေကနေ ရောင်းချ သွားမှာ ဖြစ်ပါတယ်။

အမေရိကန်မှာတော့ Fitbit ကို ၂၉၉.၉၅ ဒေါ်လာနဲ့ Amazon, Best Buy, Dick’s Sporting Goods, Kohl’s, Macy’s, REI, Target နဲ့ Verizon တို့ကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စမတ်နာရီရဲ့ လက်ပတ်ကြိုးကို လဲလှယ်ချင်တယ်ဆိုရင်တော့ Classic ဒါမှမဟုတ် Sport strap အတွက် ၂၉.၉၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါ တယ်။ အပေါက်ဖောက်ထားတဲ့ Horween သားရေလက်ပတ်ကြိုးတွေအတွက်က တစ်ခုကို ၅၉.၉၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာပဲ Fitbit ရဲ့ Flyer နားကြပ်ကို ၁၂၉.၉၅ ဒေါ်လာနဲ့ ရောင်းချသွား မယ်လို့ သိရပါတယ်။

Ionic စမတ်နာရီရဲ့ ဘက်ထရီကို အားတစ်ကြိမ်သွင်းပြီး ၄ ရက်ကြာ အသုံးပြုနိုင်မယ်လို့ Fitbit က ကတိပြု ထားပါတယ်။ ရေအောက် မီတာ ၅၀ အနက်မှာ အသုံးပြုနိုင်ပြီး swimming mode တစ်ခုလည်း ပါဝင် လာပါတယ်။ Ionic မှာ မိုဘိုင်းငွေပေးချေစနစ်များကို ထောက်ပံ့ပေးထားပြီး သီချင်းများကို သိမ်းဆည်းဖို့ အတွက် သိုလှောင်မှုပမာဏ 2.5GB ပါဝင်ပါတယ်။ Ionic မှာ အသုံးပြုထားတဲ့ Fitbit OS အတွက် third party များက app များဖန်တီးနိုင်ရန် software development kit (SDK) ကို preview အနေနဲ့ ဖြန့်ချိပေး သွားမယ်လို့ သိရပါတယ်။

-နောင်နောင် Ref: GSMArena