မြန်မာယူ-၁၈ အသင်း၏ ပြင်သစ် ခြေစမ်းခရီးစဉ် ပျက်ပြယ်

Tuesday, September 19, 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မြန်မာယူ-၁၈ အသင်းအား ပြင်သစ်နိုင်ငံသို့ စေလွတ်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် စီစဉ်ထားသော်လည်း ယင်းခရီးစဉ်မှာ ပျက်ပြယ် သွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာယူ-၁၈ အသင်းသည် မူလက စက်တင်ဘာ(၂၅)ရက်မှ အောက်တိုဘာ တတိယပတ်အထိ ပြင်သစ် နိုင်ငံ၌ (၃)ပတ်ကျော်ကြာ နေထိုင်လေ့ကျင့်ရန် နှင့် ခြေစမ်းပွဲ(၄)ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။

ယင်းခရီးစဉ်မှာ မြန်မာယူ-၁၈ အသင်း၏ ပြင်သစ်နိုင်ငံသား နည်းပြချုပ် ဘန်လာဘီ၏ တောင်းဆိုမှုကြောင့် (MFF)က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်(MFF)သည် စက်တင်ဘာ(၁၈)ရက်တွင် ဘန်လာဘီအား စာချုပ်လက်ကျန် လျော်ကြေးပေး၍ လမ်းခွဲလိုက်သောကြောင့် ပြင်သစ်ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (MFF)သည် ယင်းနေ့မှာပင် မြန်မာ ယူ-၁၈ အသင်းအတွက် ပြည်တွင်း အုပ်ချုပ်သူ / နည်းပြများကို ချက်ချင်း အစားထိုး တာဝန်ပေးအပ်ခဲ့သည်။

(မြ၀တီ)