တောင်တွင်းကြီးပဋိပက္ခ ကြံ့ခိုင်ရေးကိုစွပ်စွဲ၍ အမှုဖွင့်ရန်စီစဉ်

 

တောင်တွင်းကြီး ပဋိပက္ခဖြစ်စဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က လူအချို့ကို ငွေပေးစေခိုင်းသည်ဟု လူမှုကွန်ရက်ပေါ်တင်သူ တစ်ဦးကို အမှုဖွင့်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပြောကြားသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ညက လူငယ်တစ်စုမှ တောင်တွင်းကြီးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်နှင့် ဈေးဆိုင်အချို့ကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်တွင် ဟိန်းထိုက်ဈာန်ဆိုသူက ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာတွင် သဖန်းကုန်းရွာသားများကို ပြည်ခိုင်ဖြိုးအဖွဲ့က ငွေကြေးပေးကာ အကြမ်းဖက်မှု ဖြစ်စေရန် လုပ်ဆောင်ထားသည်ဟုဆိုကာ ရေးသားထားသည့်အတွက် ယင်း သို့ တရားစွဲရန်စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီလိုရေးတာဟာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကို ထပ်ပြီးဆင့်ကဲ မတည်ငြိမ်မှု တွေဖြစ်အောင် အဓိပ္ပာယ်ရှိရှိ လုပ်လိုက်တာလို့မြင်တယ်။ ကျွန်တော်တို့ ပါတီအပေါ် ပြည်သူတွေက ယုံကြည်မှု ကျဆင်းအောင် လုပ်တာလို့လည်း ယူဆတယ်”ဟု ဦးဆန်းညွန့်အောင်က ဆိုသည်။

အလားတူပင် စက်တင်ဘာ ၁၁ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ကြံ့ခိုင်ရေးပါတီကို စွပ်စွဲရေးသားထားသည့် သရက်မြို့မှ အကောင့်ပိုင်ရှင်တစ်ဦးကိုလည်း တရားစွဲဆိုရန် ပြင်ဆင်   နေကြောင်း သရက်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် အလုပ်အမှုဆောင် ဦးခိုင်ဇော်က ပြောကြားသည်။

အဆိုပါ အွန်လိုင်းတင်သူများသည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားပြီး ယခုအချိန်တွင် ၎င်းတို့ တင်ထားသည့် ပို့စ်အချို့ကို ပြန်ဖျက်ထားကြောင်း တောင်တွင်းကြီးမြို့ ပြည်ထောင်စုကြံ့     ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရ သည်။

တောင်တွင်းကြီးမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညက လူငယ်တစ်စုမှ အစ္စလာမ် ဘာသာဝင်များ၏နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖျက်ဆီးခဲ့ရာ ဒေသခံအချို့ ဒဏ်ရာရရှိခဲ့ပြီး ယင်းပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သူအချို့ကို ဖမ်းဆီးရမိထားကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။

The Voice
https://goo.gl/JkLvoh