Ooredoo တာဝါတိုင်၏ ၂၅ ရာခိုင်နှုန်း 4G ကွန်ရက်ရရှိမည် ဟုဆို

13244668_1015385625165901_1788700091750695801_n

Ooredoo တာဝါတိုင်၏ ၂၅ ရာခိုင်နှုန်း 4G ကွန်ရက်ရရှိမည်ဖြစ်ကြောင်း Ooredoo Myanmar ၏ အမှုဆောင် အရာရှိချုပ် Mr Rene Meza က ပြောသည်။ Ooredoo အနေဖြင့် လက်ရှိတာဝါတိုင်များအထဲမှ ၂၅ ရာခိုင်နှုန်းမှာ 4G ၀န်ဆောင်မှုရရှိမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ပြီ ဖြစ်ရာ တာဝါတိုင်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ အခြားမြို့များသို့ တိုးချဲ့သွားမည် ဖြစ်ကြောင်း ဆိုသည်။

“တယ်လီဖုန်းဆက်သွယ်ရေး Signal ကို ဖြန့်ဝေပေးတဲ့ လှိုင်းတွေဖြစ်တဲ့ လှိုင်းနှုန်း (spectrum) နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး အဲဒါကို အစိုးရက ဥပဒေပြဋ္ဌာန်းကာ စီမံခန့်ခွဲတာဖြစ်ပါတယ်၊ လှိုင်းနှုန်းပိုမိုရရှိတာနဲ့အမျှ ပိုမြန်တဲ့အင်တာနက်နှုန်း၊ ပိုအားကောင်းတဲ့ ကွန်ရက်ဖြန့်ကြက်နိုင်မှုနဲ့ ပိုကောင်းတဲ့ဝန်ဆောင်မှု အရည်အသွေးကို ရရှိစေမှာပါ၊ အစိုးရက လှိုင်းနှုန်း (Spectrum) ပိုမိုခွင့်ပြုချက် ပေးလိုက်တာနဲ့အမျှ ကျွန်တော်တို့က ကွန်ရက် ဆက်လက် ချဲ့ထွင်မှာဖြစ်ပါတယ်”ဟု ပြောကြားသည်။ လက်ရှိတွင် မြန်မာနိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းအထိ ကွန်ရက်လွှမ်းခြုံပြီးဖြစ်သည်ဟုဆိုသည်။

“ဖိုက်ဘာဆက်ကြောင်းကွန်ရက်ဖြန့်ကြက်မှုမှာ ၇၇၀၀ ကီလိုမီတာ အထိ ရောက်ရှိစေခဲ့ပါပြီ၊ ၂၀၁၆ ခုနှစ် အကုန်မှာ ၁၂၀၀၀ ကီလိုမီတာအထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။ တာဝါတိုင် ၄၅၀၀ ပြည့်အောင်တည်ဆောက်ရန်လည်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ 4G Plus ၀န်ဆောင်မှုကို ရယူသုံးစွဲရန် အတွက် 4G အသုံးပြုနိုင်သည့် ဟန်းဆက်ရှိရမည်ဖြစ်ပြီး ဖုန်း Setting မှ တစ်ဆင့် ပြောင်းလဲသုံးစွဲရမည်ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှု အား 3G ဈေးနှုန်းအတိုင်းပင် ကောက်ခံမည်ဖြစ်ပြီး လက်ရှိအင်တာနက်အသုံးပြုမှုနှင့် ဖုန်းခေါ်ဆိုမှု အတွက် အစီအစဉ်များကိုလည်း ယခင်အတိုင်းပင် ကောက်ခံသွား မည်ဖြစ်သည်ဟု သိရသည်။

အဆိုပါဝန်ဆောင်မှုကို မေ ၂၁ ရက်မှ စတင်အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ 4G အသုံးပြုသည့် Ooredoo သုံးစွဲသူအနေဖြင့် Facebook Plus အစီအစဉ်ကို လည်း ဆက်လက်ရရှိမည်ဖြစ်ကြောင်း၊ Ooredoo အချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခြင်း၊ Facebook ကို 1MB လျှင် သုံးကျပ်နှုန်းဖြင့်ရယူနိုင်မည့် ၀န်ဆောင်မှုကိုလည်း ဆက်လက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။


Leave a Reply