ပရီးမီးယားလိဂ်တွင် ရင်းနှီးမြှုပ်နှံလိုသည့် တရုတ်ကုမ္ပဏီနှင့် ချယ်လ်ဆီးအသင်း ထိပ်ပိုင်းတာဝန်ရှိ သူများဆုံခဲ့

ချယ်လ်ဆီးအသင်းမှ ထိပ်ပိုင်းတာဝန်ရှိသူများသည် ပရီးမီးယားလိဂ်တွင် ရင်းနှီးမြှုပ်နှံချင်နေသည့် တရုတ် အချမ်းသာဆုံး ကုမ္ပဏီ တစ်ခုနှင့် တွေ့ဆုံခဲ့ကြသည်။

ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းဝင်ဖြစ်ပြီး တစ်နှစ်ဝင်ငွေပေါင် ၂၀ ဘီလီယံကျော်ရနေသည့် HNA Group သည် ပရီးမီးယား လိဂ်တွင်ရင်းနှီးမြှုပ်နှံရန် ဆက်လက်ကြိုးပမ်းနေမှုအဖြစ် ကိုယ်စားလှယ်အချို့ကို စတမ်းဖို့ဒ် ဘရစ်ခ်ျသို့ စေလွှတ်ခဲ့သည်ဟု စပို့စ်မေးလ်က ဖော်ပြထားသည်။

ချယ်လ်ဆီးအသင်းဥက္ကဋ္ဌဘရုစ်ဘက်ခ်သည် ချယ်လ်ဆီးအသင်းအက်ဖ်အေဖလားတွင် ပီတာဘရော့ကို ၄-၁ ဂိုးဖြင့်အနိုင်ရသည့် ပွဲ မတိုင်မီတစ်ရက် ဇန်နဝါရီ ၇ တွင် HNA မှ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းအဖွဲ့သည် ပီတာဘရော့ပွဲကို ဒါရိုက်တာတန်းမှကြည့်ရှုခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျအမှုဆောင်ဘားတွင် ပရီးမီးယားလိဂ်ဖလား ပုံတူနှင့်အတူ ဓါတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုမှာ တရုတ်အဖွဲ့နှင့် ချယ်လ်ဆီးတို့အကြား ဒုတိယအကြိမ်ဖြစ်ပြီး ဘရုစ်ဘက်ခ်အနေဖြင့် ဆွေးနွေးမှုအတွက် အာရှသို့သွားမည်ဟုလည်း ယူဆရသည်။

HNA အဖွဲ့မှရင်းမြစ်တစ်ခုက HNA အနေဖြင့် ပရီးမီးယားလိဂ်အသင်းတစ်သင်းကိုဝယ်ယူရန် နှစ်အနည်းငယ်ခန့် ကတည်းက ကြိုးပမ်းနေသည်ဟု ပြောသည်။

ချယ်လ်ဆီးနှင့် မည်သည့်ပုံစံဆွေးနွေးသည်ကို အတိအကျမသိရသော်လည်း ဘဏ္ဍာရေး ထောက်ပံ့မှုများရပါက စတမ်းဖို့ဒ်ဘရစ်ခ်ျ ကွင်းချဲ့ခြင်းအပါအဝင် စီမံကိန်းများအတွက် များစွာအထောက်ကူ ဖြစ်လိမ့်မည်ဟု စပို့စ်မေးလ် က သုံးသပ်ခဲ့သည်။

Ref; Daily Mail