ပီရူးသမ္မတဟောင်းတိုလယ်ဒို လာဘ်စားမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရနိုင်ဖွယ်ရှိနေ

ပြင်သစ်နိုင်ငံသို့ခေတ္တရောက်ရှိနေသူ ပီရူးသမ္မတဟောင်း အလီဂျန်ဒရိုတိုလယ်ဒိုအား ဘရာဇီး ဆောက်လုပ်ရေး ကုမ္ပဏီကြီး Odebercht ထံမှ ဒေါ်လာ သန်း ၂၀ လာဘ်ယူထားကြောင်းတွေ့ရှိရ၍ ဖမ်းဆီးခွင့်ပြုရန် ရှေ့နေများက ဖေဖော်ဝါရီ ၆ ရက်နေ့က တောင်းဆိုထားကြသည်ဟု ဖေဖော်ဝါရီ ၈ ရက်နေ့ သတင်းများအရ သိရှိရသည်။

 

ရှေ့နေများမေတ္တာရပ်ခံချက်အရ သမ္မတဟောင်းအား ဖမ်းဆီးခွင့် ပြု၊ မပြုအား တရားရုံးက ၄၈ နာရီ အတွင်း အဆုံးအဖြတ်ပေးရမည်ဖြစ်သည်ဟု ရှေ့နေချုပ်ရုံးက ထုတ်ဖော်ပြောကြားလိုက်သည်။

သမ္မတဟောင်းတိုလယ်ဒိုသည် ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အတွင်း ပီရူးနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် ထောင်ကျခံနေရသူ ယခင်သမ္မတဟောင်း အဲလ်ဘတ်တိုဖူဂျီမိုရီ အစိုးရ၏ မသန့်ရှင်းသော နိုင်ငံရေးလုပ်ဆောင်မှုများကို သန့်ရှင်းအောင်ပြုလုပ်မည်ဟူသော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်က ကတိစကား များပေးကာ သမ္မတတာ ၀န်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ဘရာဇီးနှင့် ပီရူးသွားအဝေးပြေး လမ်းမကြီးစီမံကိန်းအား လာဘ်ရယူ၍ Odebercht ကုမ္ပဏီအား ကန်ထရိုက်ချပေး ခဲ့သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။ ကုမ္ပဏီပိုင်ရှင်ဟောင်းဖြစ်သူ ဂျော့ဘာရာတာကလည်း ကန်ထရိုက်ရရှိရေး အတွက် တိုလယ်ဒို အစိုးရအား ဒေါ်လာ သန်း ၂၀ ပေး ခဲ့ရသည်ဟု ၀န်ခံပြောကြားခဲ့သည်။

လာဘ်ပေးငွေများကို တိုလယ်ဒို၏ လုံခြုံရေးအရာရှိချုပ်ဖြစ်သူ အစ္စရေးလူမျိုး အေဘရာဟမ်ဒန်အွန်က လက်ခံရယူ ခဲ့သည်ဟု ရဲများထံအစစ် ခံခဲ့ရသည်။

လုပ်ငန်းရှင်များ၏ တိုလယ်ဒိုသို့ လာဘ်ပေးငွေများကို ဘဏ်စာရင်းဖွင့်ကာ လက်ခံရယူပေးခဲ့သူဟုဆိုသူ တိုလယ်ဒို ၏ မိတ်ဆွေ ပီရူးအစ္စရေးကပြား လုပ်ငန်းရှင် ဂျိုးဆက်မေမန်း၏ ဘဏ်စာရင်းအား စစ်ဆေးရေးမှူးများက စစ်ဆေးရာတွင် တိုလယ်ဒိုနှင့်ပတ်သက်သော ဒေါ်လာငွေ ၁၁ သန်းအား စစ်ဆေးတွေ့ရှိခဲ့ရသည်။ သမ္မတဟောင်း တိုလယ်ဒိုက ယင်းစွပ်စွဲချက်အားလုံးအား ငြင်းဆိုထားသည်။

Ref:AFP