ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်ရာထူး သက်တမ်းကုန်လျှင် ရုပ်သိမ်းမည်

ယခုလကုန်တွင် သက်တမ်းကုန်ဆုံးတော့မည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားရာထူးကို လူသစ်ခန့်အပ်မလုပ်ဘဲ ရုပ်သိမ်း တော့မည်ဖြစ်ကြောင်း ကုလ အတွင်းရေးမှူးချုပ်ရုံးက ဗီအိုအေသတင်းဌာနအား အတည်ပြုခဲ့သည်။

မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာနမ်ဘီးယားကို တာဝန်ပေးထား သော တာဝန်ပေးထားသော သက်တမ်းသည် ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်တွင်  ကုန်ဆုံးမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ယင်းရာထူးခန့်အပ်ရန် မလိုအပ်တော့ဟု ကုလအဖွဲ့ဝင်နိုင်ငံများက ရှုမြင်ကြသည်ဟုဆိုသည်။

‘‘ကုလသမဂ္ဂအထွေထွေ ညီလာခံကလည်း သူ့ရဲ့ရာထူး သက်တမ်းတိုးဖို့ ထောက်ခံတင်ပြခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ်လူစားထိုး ခန့်အပ်ဖို့လည်းမရှိပါဘူး။ မြန်မာနိုင်ငံအတွက် မလိုအပ်တော့ဘူးလို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက  မြင်ကြပါတယ်’’ ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် အခြေစိုက် ဗီအု အေအား ဖြေကြားခဲ့သည်။

သံအမတ်ကြီးဟောင်းဖြစ်သည့် မစ္စတာနမ်ဘီးယားသည် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖြစ်  ၂၀၁၀ ပြည့်နှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်သော ၎င်း၏ နောက်ဆုံးကြေညာချက်တွင် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် မောင်တောဒေသ၌ ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ အရပ်သားများ၏ လုံခြုံရေးကို လူမျိုးဘာသာမခွဲ ခြားဘဲ ကာကွယ်ပေးရန် မြန်မာအစိုးရအား တိုက်တွန်းထားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းဒေသ သို့ ကိုယ်တိုင်သွားရောက်၍ ဒေသခံများနှင့်တွေ့ဆုံရန်  အကြံပြုဖော်ပြခဲ့သည်။

မစ္စတာနမ်ဘီးယားသည် ၁၉၆၇ တွင် အိန္ဒိယနိုင်ငံခြားရေးဌာန၌ လုပ်ကိုင်ခဲ့ပြီး ကုလဆိုင်ရာ အိန္ဒိယ၏ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်သည့်အပြင် ပါကစ္စတန်၊ တရုတ်၊ မလေးရှား၊ ယူဂိုဆလားဗီးယား အပါအဝင် နိုင်ငံအများအပြား၌ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သည်။ ဝါရင့်အိန္ဒိယသံတမန်ကြီးသည် ၂၀၀၇ မှ ၂၀၁၂ အထိ ကုလအတွင်းရေးမှူးချုပ်၏ရုံးအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သရှိရသည်။

# 7 Day Daily


Leave a Reply